နတ်မောက် – ဇန်နဝါရီ(၁၃)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီအလိုကျ မဲစာရင်း ကောက်ယူဖို့ ဖိအားပေးနေတဲ့ မူလတန်းကျောင်းအုပ် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့နယ် ဖျောက်ဆိတ်ကုန်း(အ.မ.က) ကျောင်းအုပ် ဦးဝင်းခိုင် ကို မကွေးပြောက်ကျား တပ်နဲ့ ဒေါင်းစစ်သည် ပြောက်ကျားတပ်(နတ်မောက်) တို့ ပူး ပေါင်းပြီး ဇန်နဝါရီလ(၁၂) ရက်က ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့က စပြီး နိုင်ငံအနှံ့မှာ မဲပေးနိုင်သူ စာရင်းပြုလုပ်ဖို့ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ရုံးတွေက လူဦးရေစာရင်း ကောက်ယူနေတာဖြစ်ပါတယ်။

“ဖျောက်ဆိတ်ကုန်း​ရွာနဲ့ နတ်မောက်ကြားထဲမှာ အပစ်ခံရတယ်လို့ကြားတယ်။ သူက သူ့ရွာ တင်မကဘူး ဘေးနားက ရွာတွေပါ မဲဆွယ်စည်းရုံးရေးစာရင်းကောက်ဖို့၊ အိမ်ထောင်စုစာရင်း ကောက်ဖို့ Non CDM ဆရာဆရာမတွေကိုခိုင်းနေတာ။ သူ့ကျောင်းကဆရာဆရာမတွေရော တခြားကျောင်းကဆရာဆရာမတွေကိုပါ ဖိအားပေးခိုင်းနေတာကြောင့် ပစ်ခတ်ရှင်းလင်း လိုက်တာလို့သိရပါတယ်။” လို့ ဒေသခံတစ်ဦးကသံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ ကျောင်းအုပ်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပြီး မဲစာရင်း ကောက်ခံဖို့ စည်းရုံးတာ၊ပညာရေးဝန်ထမ်းတွေကို မဲစာရင်းကောက်ခံချိန်မှာ ပူးပေါင်းဖို့ ဖိအားပေးတာ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လူထုကို ခြိမ်းခြောက်တာတွေ လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ Non CDM ကျောင်းဆရာ၊ဆရာမတွေနဲ့ အနီးနားက ကျေးရွာတွေကို စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတာကို ပူးပေါင်းပါဝင်နေတဲ့ ဝန်ထမ်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ပြင်းပြင်း ထန်ထန်အရေးယူမယ်လို့ ထုတ်ပြန်ထားပြီး အာဏာသိမ်းစစ်အုပ်စုကတော့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီဖော်ဆောင်ဖို့ လုပ်နေတဲ့အတွက် သူတို့နဲ့ပူးပေါင်းကြဖို့ ပြည်သူတွေ ကို အကြပ်ကိုင်ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်း တွေ၊ အထွေထွေအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ မဲစာရင်းအဓမ္မ ကောက်ခံနေမယ်ဆိုရင် ကျောင်းဆရာ နည်းတူ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ မကွေး ပြောက်ကျားတပ်က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.