မြိုင် – ဇန်နဝါရီ(၁၀)
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားမိုင်းဆွဲတိုက်ခိုက် ခံရလို့ အနည်းဆုံး (၆) ဦးကျော်သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့ မနက်ပိုင်းက ပခုက္ကူဘက်က ထွက်လာတဲ့ စစ်ကောင်စီ Faw ကားကို မြိုင်မြို့နယ် တွင်းမပျူစောထီးစခန်းနဲ့ သရက်ကန် ပျူစောထီး စခန်းနားမှာ တိုက်ခိုက်ခဲ့ တာပါ။
“ရှေ့ထွက်မိုင်းဆယ်လုံး၊ ပေပါခါးဖြတ်မိုင်း နှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီကားက ပျက်စီးပြီးရပ်သွားတယ်လို့ ခိုင်လုံတိကျတဲ့ သတင်းတွေအရသိရပါတယ်။” လို့ ဗိုလ်လကျ်ာက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သား အနည်းဆုံး (၆) ဦးကနေ (၉) ဦးအထိ သေဆုံးနိုင်တယ်လို့ သိရပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ သူက ပြောပါသေးတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မြိုင်- ပ.က.ဖ) တပ်ရင်း(၁) တပ်ခွဲ – ၁ နဲ့ တပ်ခွဲ – ၂ (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၇) ရက် ညပိုင်းကလည်း ကင်းလှည့်နေတဲ့ တွင်းမကျေးရွာပျူစောထီး အဖဖွဲ့ကို မိုင်း(၁၃) လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး မိုင်း(၃) လုံးသာ ပေါက်ကွဲခဲ့တဲ့အတွင် တွင်းမပျူစောထီး ခေါင်းဆောင် ကံထွေးအောင်နဲ့ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်