မော်လမြိုင်၊ ဒီဇင်ဘာ(၁၀)

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုး သား ကာကွယ်ရေးအက်ဥပဒေ NDAA ကြောင့် စစ်ကောင်စီတပ်တွင်း CDM ပြုလုပ်လိုသူတွေ ပိုများလာတယ်လို့ CDM အရာရှိတွေနဲ့ စစ်သားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို လက်နက်မဟုတ်တဲ့နည်းပညာနဲ့ လူကိုသေစေနိုင်တာမရှိတဲ့အရာတွေ ထောက်ပံ့ပေးမယ့် NDAA ဥပဒေကို အမေရိကန်သမ္မတဘိုင်ဒန်က ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးထားတာပါ။

အဲဒီဥပဒေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူတွေကိုလည်း ထောက်ပံ့ပေးမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ အားပေးတဲ့ စစ်တပ်ကတပ်ဖွဲ့ဝင်ဟောင်း CDM ပြုလုပ်သူတွေနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေလည်း ထည့် သွင်းထားတာပါ။

NDAA ဥပဒေအတည်ပြုပြီးနောက် CDM ပြုလုပ်ဖို့ ဆက်သွယ်လာသူတွေ များလာကြောင်းနဲ့ တပ်တွင်းမှာလည်း စစ်ကောင်စီဘက်ကအရာရှိတွေရဲ့ ခရီးသွားလာခွင့်တွေကို ကန့်သတ်ထားသလို မှတ်ပုံ တင်သိမ်းဆည်းတာတွေလည်း လုပ်ဆောင်ထားတယ်လို့ စစ်ခေါင်းဆောင်နဲ့ အနီးကပ်နေဖူးသူ CDM တပ်ကြပ်ကြီးဇေယျက ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့တွေကို ဆက်သွယ်လာတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမယ့် အခက်အခဲက တပ်ထဲမှာက မှတ်ပုံတင်ကအစ သိမ်းထားတယ်။ နောက်ပြီး တပ်အိမ်ထောင်စုစာရင်းတွေကို ပြောင်းထားတယ်။ ဒါတွေက သူတို့တွေကို သွားရေးလာရေးအတွက် အတော်လေးအခက်အခဲတွေဖြစ်စေတယ်။ ဒါတွေက သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေပေါ့။ ဒါတွေကို ခုနပြောသလို တပ်ထဲကပညာတတ် Level ပေါ့ သူတို့တွေကရုံးထွက်ဖို့ ကြိုးစားနေတယ်” လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAA ကို စစ်ကောင်စီဘက်က အသုံးမဝင်တဲ့ပုံစံမျိုး တပ်တွင်းနဲ့ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာ ဝါဒဖြန့်တာတွေ ရှိနေတာပါ။

တဖက်မှာတော့ စစ်တပ်ထောက်ခံသူတွေက NDAA ဥပဒေအတည်ပြုပြီးနောက် အမေရိကန်အစိုးရအပေါ် ဆန္ဒပြမှုတွေကို နိုင်ငံဝန်းမှာလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်တပ်ကထပ်ပြီးထွက်လာမယ့် CDM တွေကို လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက်ကအစ ကူညီပေးဖို့ စီစဉ်ထားတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အခုချိန်ကတော့ သူတို့ဘယ်လိုကူညီမယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။ ဥပဒေမှာ သူတို့ကူညီဖို့အတွက် ခွင့်ပြုထားတာတွေ့ရတယ်ပေါ့နော်။ ဆိုတော့ အသေးစိတ်အချက်အလက်တွေကိုတော့ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ နားလည်ထားပါတယ်။ တပ်ကလာတဲ့ CDM ရဲတွေ၊စစ် သားတွေကို အတတ်နိုင်ဆုံးနဲ့ အလုံခြုံဆုံးဖြစ်အောင် ကျွန်တော်တို့တွေ ကူညီပေးတယ်။ စားဝတ်နေရေးကအစပေါ့။ ကျွန်တော်တို့တွေတပ်ကလာတဲ့ CDM တွေကိုကူညီဖို့အတွက် အစီအစဉ်ချထားတာတွေရှိတယ်။ NDAAတို့ Burma Act တို့ကနေ အကူအညီပေးလာမယ်ဆိုရင်လည်း ကျွန်တော်တို့တွေကူညီဆောင်ရွက်ပြီး ပိုမိုပြီးတော့ အဆက်အသွယ်တွေ ရလာမယ့်အတွက် ကျွန်တော်တို့အစီအစဉ်တွေပိုပြီးအောင်မြင်လာမယ်” လို့ ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုး သားကာကွယ်ရေးအက်ဥပဒေ NDAA ဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်NDAA ဥပဒေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ကူညီထောက်ပံ့မှုတွေဟာ အ ကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကို အဖက်ဖက်ကနေ လုပ်ဆောင်ပေးနေပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ကို ငွေကြေးထောက် ပံ့မှုအပေါ် ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါကြောင့် NDAA ဥပဒေကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လာမယ့် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ အကူအညီတွေရရှိမှာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ဖြုတ်ချတဲ့ နွေဦးတော်လှန်ရေးအတွက် တိုးတက်တဲ့ ခြေလှမ်းတစ်ရပ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.