ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင် ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်းအချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲကျင်းပသွားဖို့ အသည်းအသန် ကြိုးပမ်းလာတာပါ။ ဒါကြောင့် စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ စစ်ရေးပဋိပက္ခ တွေပိုမိုပြင်းထန်လာတဲ့အချိန်မှာ ရွေးကောက်ပွဲ အတင်းအကျပ် လုပ်ဆောင်လာရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။ စစ်ကောင်စီရဲ့ PR စနစ်အပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက မဖြစ်မနေကျင်းပဖို့ ကြိုးပမ်းလာနေတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး နေရာအနှံ့လုပ်မယ်လို့ပြောတာပါပဲ။ ဒါပေမယ့်အဲဒါက ဖြစ်နိုင်တဲ့ အခြေ အနေလားဆိုတာ ကျွန်တော်ဘက်ကသုံးသပ်ချက်ကတော့ နေရာအနှံ့ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ပါဘူး။ ဖြစ်နိုင်ချေမရှိ ဘူးလို့သုံးသပ်ပါတယ်။ နောက်တစ်ခါ အခြေအနေအချိန်အခါအရပ်ရပ်ကို ထည့်တွက်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲက လွယ် လွယ်ကူကူနဲ့ ဖြစ်ဖွယ်ရာမရှိဘူးလို့ပဲမြင်ပါတယ်။

-အခုဆိုရင် နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတယ်။ ပြည်သူတွေသန်းနဲ့ချီလည်း အိုးအိမ် စွန့်ခွာထွက်ပြေး နေရတယ်။ ဒီအပေါ်မှာ စစ်ကောင်စီက အတင်းအကျပ်ရွေးကောက်ပွဲလုပ်လာရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ။

မဖြစ်ဖြစ်အောင် ဇွတ်လုပ်မယ်ဆိုရင်လည်း ဖြစ်ကောင်းဖြစ်သွားမှာပေါ့နော်။ ဒါပေမယ့်လို့သူတို့အနေနဲ့ ဖြစ်ချင် တဲ့ပုံစံအတိုင်းကို ၂၀၀၈ဖွဲ့စည်းပုံကလည်း ပေးထားချက်အရဆိုရင် မဲထည့်တဲ့သူရဲ့ ရာခိုင်နှုန်း ဘယ်လောက် ရှိမှ နောက်ပြီးတော့မှ မဲဆန္ဒနယ် အများဆုံး ဘယ်လောက်လုပ်ရမယ်ဆိုတာပဲပါတယ်။ အနည်းဆုံး ဘယ် လောက်ကျင်းပရမယ်ဆိုတာ ပြဌာန်းထားတာ မရှိတဲ့ အတွက်ကြောင့်မို့လို့ သူတို့လိုသလောက်လေးကို ကွက်စိပ်ရိုက်ပြီး လုပ်သွားမယ်ဆိုရင် ဖြစ်သွားနိုင်တယ်ပေါ့ဗျာ။ ဒါပေမယ့် အခြားတဖက်မှာ လူထုရဲ့ယုံကြည်မှု ၊နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ နောက်ဖြစ်လာမယ့် ရွေးကောက်ခံအစိုးရရဲ့ တရားဝင်မှု ဒါတွေကတော့ ဆန်းစစ်စရာတွေ အများကြီးရှိတာပေါ့။ ရှင်းရှင်းပြောရရင် တရားဝင်မှုအရ ဘယ်လိုမှခိုင်မာမှု မရှိနိုင်ဘူးလို့ ပြောလို့ရပါတယ်။

-ပြီးတော့စစ်ကောင်စီက လာမယ့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကိုကျင့်သုံးသွားမယ်လို့ ပြောလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။

သူတို့ရဲ့ ကြေငြာထားချက်အရဆိုရင် သူတို့ကျင့်သုံးမယ့် PR စနစ်က CLOSE SYSTEM ဖြစ်တာပေါ့နော်။ CLOSE SYSTEM ဆိုတာတော့ ပါတီရဲ့နာမည်ပဲ ဖော်ပြပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်ဖော်ပြချင်းမရှိဘူးပေါ့ဗျာ။ ပါတီနာမည်ကိုကြည့်ရွေးပြီးတော့ သွားရမယ်ဆိုတော့ ဒါကလည်း ရည်ရွယ် ချက်ရှိရှိ လုပ်နေတာ။ သို့သော် ကျွန်တော်တို့ အမြင်မှာတော့ PR စနစ်ပဲ ကျင့်သုံး ကျင့်သုံး၊ အရင်ကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူစနစ်ကိုပဲ ပြန်သွားပြန်သွား အဓိကအားဖြင့်တော့ ဒီတပ်မတော်အနေနဲ့ နိုင်ငံရေးကနေ ဝင်ပါနေ သ၍ကတော့ လူထုရဲ့ထောက်ခံမှု၊ လူထုရဲ့လက်ခံမှုကတော့ အရင်အခြေအနေ ထက်စာရင် ပိုပြီးတော့မှ ဆိုးဝါး မယ်ပေါ့ဗျာ။ ရှင်းရှင်းပြောရရင် တပ်မတော်ရဲ့ ဒီ၂နှစ်တာအတောအတွင်း သူ့ရဲ့လုပ်ဆောင်ချက် တွေကို လူထု ကလက်ခံနိုင်ဖွယ်ရာ မရှိလောက်ဘူး။ အတိဒုက္ခရောက်နေတဲ့ ပြည်သူကလည်းသန်းချီရှိနေတဲ့ကာလမှာ ရွေး ကောက်ပွဲကို ဇွတ်လုပ်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်စနစ်ကိုပဲ ကျင့်သုံး ကျင့်သုံး လူထုအနေနဲ့ကတော့ အကောင်းမြင်နိုင်ဖွယ်ရာမရှိဘူးလို့ မြင်ပါတယ်။

-နောက်ဆုံးအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောကြားလိုတာရှိမလဲ။ ပြောပေးပါဦး။

အဓိကက တိုင်းပြည်တည်ငြိမ်အေးချမ်းပြီးတော့မှ RULE OF LAWတွေရှိတယ်။ တပ်မတော်အနေနဲ့ သူ့ရဲ့မူရင်း အလုပ်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းလောက်ပဲ အာရုံစိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့အကောင်း ဘက်ကိုပြန်ဦးလှည့်လာမယ်လို့ မြင်တယ်။ အဲဒီလိုမဟုတ်ပဲ တစ်စုတစ်ဖွဲ့တည်းရဲ့ အာဏာအတွက် တစ်စုတစ် ဖွဲ့တည်းရဲ့ နိုင်ငံရေးစိတ်ဆန္ဒအတွက်ကို လုပ်နေတာမျိုးဆိုလို့ရှိရင်တော့ လူထုနဲ့ပိုပိုပြီးဝေးကွာတဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။ ဒါကြောင့်မို့လိုရွေးကောက်ပွဲ ကလည်း အကျိုးမရှိတဲ့ အနေအထားမျိုးရောက် သွားနိုင်တယ်လို့ပဲ သုံးသပ်ပါတယ်ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.