လောင်းလုံး၊ ဇန်နဝါရီ(၁၀)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်ပိုင်းက မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ နေ့လည် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၂ ဦး လုံခြုံရေးလိုက်ပါပြီး မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတဲ့ အုပ်ချုပ်ရေးအဖွဲ့က ဝန်ထမ်းတွေအပါအဝင် ၉ ဦးကို ကျေးရွာမူလတန်းကျောင်းအရှေ့အရောက်မှာ DGRF နဲ့ လောင်းလုံး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့လို သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF) ပြန်ကြားရေး တာဝန်ခံကတော့ အခုတိုက်ခိုက်မှုဟာ သတိပေးတဲ့နမူနာပဲရှိသေးကြောင်းနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲပါဝင်ဆောင်ရွက်သူတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ် ကံမြောကင်းတံတားကို ပိတ်ဆို့ပြီးရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ခရီးသွားမော်တော်ယာဉ်နဲ့ဆိုင်ကယ် ရာနဲ့ချီပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူမှုတွေကို ဇန်န ဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက် အထိ တစ်အိမ်တက်၊ တစ်အိမ်ဆင်း စာရင်းကောက်ယူဖို့ စီစဉ်ထားတာပါ။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူမှုဟာ ထွက် ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့အတွက်တင်မဟုတ်ဘဲ CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်သူတွေကို ပစ်မှတ်ထားရှာဖွေလာနိုင်တာကြောင့် မပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်