မော်လမြိုင်၊ ဇန်နဝါရီ(၁၀)

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးကြာပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမယ့် မြန်မာဘက်က မဖွင့်သေးဘဲ ဆက်ပိတ်ထားတယ်လို့ နယ် စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့ကို ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ပြီးနောက် ပြန်ဖွင့်ပေးခဲ့တာပါ။

မြန်မာဘက်ကတော့ တရုတ်နိုင်ငံရွှေလီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် အစည်းအဝေးထိုင်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဆက်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် မြန်မာဘက်ခြမ်းက နယ်စပ်ဂိတ်တွေ မဖွင့်ပေးနိုင်သေးတဲ့အကြောင်း တရုတ်နိုင်ငံကို တရား ဝင်စာပေးပို့ထားပေမယ့် ဘယ်တော့ပြန်လည်ဖွင့်ပေးမယ်ဆိုတဲ့ အချက်အလက်မပါရှိဘဲ ကိုဗစ်ရောဂါ ဖြစ်ပွားမှုအခြေအနေပေါ် မူတည်ကာ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ပေးမယ်လို့ ကြေညာပြီးနောက်မှာတော့ ကုန် ပစ္စည်းတင်ပို့ဖို့အတွက် ကုန်တင်ယာဉ်တွေ ရောက်ရှိလာပေမယ့် မြန်မာဘက်ခြမ်းက မဖွင့်ပေးတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေထဲမှာ ကျင်စန်းကျော့တစ်ဂိတ်သာဖွင့်လှစ်ထားတာကြောင့် နေ့စဉ်ကားအစီးရေ (၁၃၀)လောက်သာ ကုန်သွယ်နိုင်ပေမယ့် လူဝင်၊ လူထွက်ပြု လုပ်လို့မရသလို ကုန်ပစ္စည်းတင်ပို့တဲ့နေရာမှာလည်း အစားထိုးယာဉ်မောင်းသမားတွေနဲ့သာ တင်ပို့လို့ရတဲ့အတွက် စရိတ်ပိုမိုကုန်ကျနေရတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွေဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားစဉ်မှ လက်ရှိအချိန်ထိ ကုန်သွယ်မှု (၆၅) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားသလို တချို့ကာလတွေ မှာတော့ ဂိတ်တွေအားလုံး ပိတ်ထားတဲ့အတွက် ကုန်သွယ်မှု လုံးဝရပ်တန့်တာတွေလည်း ရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.