နေပြည်တော်၊ ဇန်နဝါရီ(၁၀)

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်က တင်ပြလာတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် မှတ်ချက်ပြု ဆွေး နွေးတာ မရှိသလို လာနားထောင်ရုံပဲလို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အပစ်ရပ် မထိုးထားတဲ့“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ နေပြည်တော်မှာ သုံးရက်တာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာပါ။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဖွဲစည်းပုံအခြေခံဥပဒေထဲက အခြေခံကျတဲ့ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့နဲ့ အဖွဲ့အသီးသီးရဲ့ နိုင်ငံရေးလိုလားချက်တွေကို နှစ်ဘက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

သုံးရက်တာအတွင်း ဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဘက်သဘောထားတွေ ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာတဲ့ သဘောတူညီချက်တွေကို အတည်ပြုလက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဘယ်အချက်တွေကို သဘောတူညီမှုရရှိခဲ့ကြသလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က အတိအလင်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ ဒီဆွေးနွေးပွဲမှာ မိမိတို့ဘက်က ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကို တင်ပြဆွေးနွေးခဲ့တာရှိပြီး စစ်ကောင်စီဘက်ကဆွေးနွေးလာတဲ့ ရွေးကောာက်ပွဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပြန်လည်ဆွေးနွေးမှတ်ချက်ပေးတာမရှိဘဲ လာနားထောင်ရုံပဲလို့ ဆိုပါတယ်။

“ကျွန်တော်တို့ဘက်က ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး ပြီးတော့မှတ်ပုံတင်ကိစ္စတွေ ဆွေးနွေးခဲ့တယ်။ တခြား ထွေထွေထူးထူးမရှိဘူး။ ကျွန်တော်တို့ “ဝ” ပြည်နယ်အတွင်းမှာ ရှိနေတဲ့ မူးယစ်ဆေးဝါးကိစ္စရပ်တွေ၊ မှတ်ပုံတင်ကိစ္စရပ်တွေ ပြီးတော့ သူတို့ဆွေးနွေးလာတဲ့ ရွေးကောက်ပွဲကိစ္စတွေ ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ရာပြောဆိုမှု မှတ်ချက်ပေးစရာမရှိဘူးဆိုတာတွေပါပဲ။ သူတို့ ဆွေးနွေးလာတဲ့ဟာတွေ၊ ပြီးတော့ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဘာတွေနဲ့ ပတ် သက်ပြီးမှ ကျွန်တော်တို့ဘက်က ဘာမှ ထွေထွေထူးထူး တင်ပြဆွေးနွေးစရာတော့ မရှိဘူးဆိုတဲ့ မှတ် ချက်ပဲ ပေးခဲ့တာပေါ့။ သူတို့ တင်ပြဆွေးနွေးတာတွေ ကျွန်တော်တို့အဓိက လာနားထောင်ရုံပဲပေါ့၊ တ ခြား ထွေထွေထူးထူးလည်း မရှိပါဘူး”လို့ သူကပြောပါတယ်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဟာ ပြီးခဲ့တဲ့နှစ် မေလနှောင်းပိုင်းမှာ စစ်ခေါင်းဆောင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပထမအကြိမ်တက်ရောက်ခဲ့ပြီး “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တည်ထောင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အလားတူ ကျန်ရှိတဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA/မိုင်းလား) ကတော့ ဇွန်ပထမအပတ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကတော့ ဩဂုတ်ပထမအပတ်တို့မှာ တက်ရောက်ဆွေးနွေးထားကြတာ ဖြစ်ပါတယ်။

အပစ်ရပ်မထိုးထားတဲ့ ဒီသုံးဖွဲ့ကကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယအကြိမ် စုပေါင်းတွေ့ဆုံခဲ့ကြပြီး “ဝ” ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသတ်မှတ်ဖို့ကို စစ်ကောင်စီက မူအားဖြင့်သဘောတူညီပေးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီနှောင်းပိုင်းမှာ စစ်ကောင်စီ စတင်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့EAO ၇ ဖွဲ့နဲ့ မထိုးထားတဲ့ EAO ၃ ဖွဲ့တို့က စက်တင်ဘာနှောင်းပိုင်းအထိ ၂ ကြိမ်တိတိ တက် ရောက်ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာနှောင်းပိုင်းမှာတော့ အပစ်ရပ်ထိုးထားတဲ့EAO ၅ ဖွဲ့က တတိယအ ကြိမ် ထပ်မံဆွေးနွေးထားပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.