ရန်ကုန်၊ ဇန်နဝါရီ(၈)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလုပ်ရုံ၊ စက်ရုံတွေပိတ်သိမ်းဖို့ တင် ပြမှုတွေဆက်ရှိနေတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့မှုနှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလုပ်ရုံ၊ စက်ရုံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း လျှပ်စစ်မီး အပြည့်အဝမရတာ၊ ဓာတ် ဆီ၊ ဒီဇယ်ဆီဈေး အဆမတန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် တောင့်မခံနိုင်တော့ဘဲ ပိတ်သိမ်းမှုတွေရှိလာသလို အချို့စက်ရုံတွေကတော့ သက်ဆိုင်ရာဌာနတွေမှာ ပိတ်သိမ်းခွင့်တင်ပြတာတွေ ရှိနေတာပါ။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အဆိုအရ အာဏာသိမ်းမှုကြောင့် ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် စက်ရုံ ၂၀၀ နီးပါးအထိ ပိတ်သိမ်းဖို့ တင်ပြထားတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပြော ဆိုထားပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးကတော့ အလုပ်ရုံ၊ စက်ရုံတွေဟာ လျှပ်စစ်မီးအခက်အခဲအပြင် သွင်းအားစုကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အထွေထွေအကျပ်အတည်းတွေကြောင့် ပိတ်သိမ်းလာကြတာလို့ ဆိုပါတယ်။

“ပထမပြောရမှာက စက်ရုံ၊ အလုပ်ရုံတွေအတွက်လျှပ်စစ်မီးအခက်အခဲပေါ့လေ။ ပြည်သူတွေအတွက်လျှပ်စစ်မီးရအောင်လှည့်ပေးလိုက်တော့ စက်ရုံတွေဘက်က ခက်သွားတယ်။ အရင်က ဓာတ်ဆီ၊ ဒီဇယ် ဆီ သိန်းငါးဆယ်ဖိုးလောက်သုံးရတဲ့စက်ရုံက အခုဆို တစ်လကိုသိန်းနှစ်ရာ၊ သုံးရာလောက်အထိ သုံးလာရလို့ ပိတ်သိမ်းမယ့်စက်ရုံများလာတာ။ အဲဒီတော့ အလုပ်တွေကရှားသွားတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ကြံလာကြတာမှာ ပတ်စ်ပို့တွေကလည်းပိတ်လိုက်တော့ အလုပ်လက်မဲ့နှုန်းကများလာပြီး ခိုးဆိုးလုနှိုက်တွေက ပိုဆိုးလာဖို့ရှိတယ်လို့ သုံးသပ်မိတယ်” လို့ အလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ်( FGWM) က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံစက်မှုဇုန်တွေက စက်ရုံအများစုဟာ ၂၀၂၃ ခုနှစ်အတွင်း စက်ရုံပိတ်သိမ်းခွင့်တွေနဲ့ သက်ဆိုင်ရာအလုပ်သမားရုံးတွေမှာ ပိတ်သိမ်းခွင့် လျှောက်ထားမှု ပိုမိုများပြားလာနေလို့ ပြောဆိုပါတယ်။

တဖက်မှာတော့ အလုပ်သမားတွေဟာ လုပ်အားခခေါင်းပုံဖြတ်ခံရတာ၊ အချိန်ပိုကြေး မရတာ၊ အလုပ် သမားအခွင့်အရေး ဆုံးရှုံးနေရတဲ့အတွက် အခက်အခဲမျိုးစုံရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ်( FGWM) ပြောခွင့်ရ ဒေါ်အိအိဖြူကဆိုပါတယ်။

“အခုပြည်တွင်းမှာ အလုပ်အကိုင်အဆင်မပြေလို့ ပြည်ပထွက်ခွာနေရတဲ့ အလုပ်သမားတွေမှာလည်း အ ဆင်မပြေမှုတွေကြုံရတာတွေ့နေရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း MOUအလုပ်သမားတွေရော၊ တရားမဝင်အလုပ်သမားတွေပါ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေ၊ လုပ်အားခမရတာတွေပါ ထပ်ကြုံတွေ့နေရတယ်လို့ ကြားသိရတယ်။ ပြည်တွင်းမှာလည်း မတရားဖိနှိပ်ခံရတယ်။ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတာတွေရှိတယ်။ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ ကြုံတွေ့နေရတော့ ပြည်ပထွက်ခွာတယ်။ ပြည်ပထွက်ခွာတော့ အကြွေးစနစ်တွေနဲ့ ထွက်လာရပြီး အခက်အခဲမျိုးစုံကြုံတွေ့နေရတာကို ကျွန်မတို့ တွေ့နေရပါတယ်”လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ်( FGWM)မှ ပြောရေးဆို ခွင့်ရှိသူ ဒေါ်အိအိဖြူက ဆိုပါတယ်။

အလုပ်သမားတွေဟာ ပြည်တွင်းမှာ အလုပ်အကိုင်တွေရှာဖွေဖို့ ခက်ခဲလာပြီး ကုန်ဈေးနှုန်းကလည်း အဆမတန်မြင့်တက်လာတာကြောင့် စားဝတ်နေရေးအခက်အခဲကို ကြုံရာကျပန်းဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတစ်ဦးကလည်း အလုပ်ရုံ၊စက်ရုံတွေ ပိတ်သိမ်းလာတာကြောင့် မိသားစုစားဝတ်နေရေးအခက်အခဲကို အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အခြေခံလူတန်းစားအလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးအတွက် စက်ရုံ၊ အလုပ်ရုံ တွေကိုပဲ အဓိကအားထားပြီး လုပ်ကိုင်နေရတော့ အခုလိုစက်ရုံတွေပိတ်သိမ်းလာတဲ့အခါကျတော့ အတော့်ကို ဒုက္ခရောက်တယ်။ ဈေးတွေကလည်း မတရားကြီးလာတယ်လေ”လို့ ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတစ်ဦးကဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ဖြစ်သွားပြီး ဒီအထဲကမှ အလုပ်သမား ၃ သိန်းကျော်ဟာ အထည်ချုပ်အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်လာနေချိန်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတည်ငြိမ်မှုမရှိတော့ဘဲ စီးပွား ရေးအဆင်မပြေမှုတွေ ပိုမိုဆိုးရွားလာပြီး အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု မြင့်တက်လာနေတာဖြစ်တယ်လို့လည်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)ရဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးအထွေထွေ အကျပ်အတည်းတွေနဲ့အတူ လက်နက် ကိုင်ပဋိပက္ခတွေကြောင့် တစ်လလျှင် ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ IOM က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.