စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင်ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်း အချိုးကျကိုယ်စားပြု (PR) စနစ်ကိုကျင့်သုံးပြီး ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ နှစ်ဆန်းပိုင်းမှာ ပြောဆိုပါတယ်။
PR စနစ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊မေ၊နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး Close List PR စနစ် ကျင့်သုံးဖို့ ဆုံးဖြတ်ထားပြီလို့ စစ်ကောင်စီခန့် UEC ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောဆိုထားတာပါ။
စစ်ကောင်စီခန့် UEC နဲ့ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ နိုင်ငံရေးပါတီပေါင်း ၆၀ ကျော်ထဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီနဲ့ မဟာမိတ်ပါတီတွေအပါအဝင် တိုင်းရင်းသားပါတီတွေလည်း ပါဝင်ပါတယ်။
ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ဝက်ဆိုဒ်မှာဖော်ပြထားတဲ့ တည်ဆဲနိုင်ငံရေးပါတီစာရင်းတွေမှာ ပါတီပေါင်း ၉၁ ပါတီရှိနေတဲ့အတွက် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးမယ့် ဆုံးဖြတ် ချက်ဟာ နိုင်ငံရေးပါတီအားလုံးရဲ့ သဘောထားဆန္ဒအပေါ် လွှမ်းခြုံမှုတော့မရှိပါဘူး။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ ဘယ်လိုရွေးကောက်ပွဲစနစ်ပဲ သုံးသုံး တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ ဝင်ပါနေသရွေ့ လူထုထောက်ခံမှု အကောင်းမြင်ဖွယ်မရှိဘူးလို့ မှတ်ချက်ပြုပါတယ်။
“ကျွန်တော်တို့အမြင်မှာတော့ PR စနစ်ပဲ ကျင့်သုံးကျင့်သုံး၊ အရင်ကျင့်သုံးခဲ့တဲ့ နိုင်သူအကူယူစနစ် (FPTP) ကိုပဲ ပြန်သွားပြန်သွား။ အဓိကအားဖြင့် တပ်မတော်အနေနဲ့ ဒီနိုင်ငံရေးကနေ ဝင်ပါနေသရွှေ့ကတော့ လူထုရဲ့ထောက်ခံမှု၊ လက်ခံမှုကတော့ အရင်အခြေအနေထက်စာရင် ပိုပြီးတော့ဆိုးဝါးသွားမယ်ပေါ့ဗျာ။ ရှင်းရှင်းပြောရရင် တပ်မတော်ရဲ့ ဒီ ၂ နှစ်တာတောအတွင်း သူ့ရဲ့လုပ်ဆောင်ချက်တွေကို လူထုက လက်ခံနိုင်ဖွယ်ရာ မရှိလောက်ဘူး၊ အတိဒုက္ခရောက်နေတဲ့ ပြည်သူကလည်း သန်းချီရှိနေတဲ့ကာလမှာ ရွေးကောက်ပွဲကို ဇွတ်လုပ်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားမဟုတ်တဲ့အတွက်ကြောင့် ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး လူထုအနေနဲ့ အကောင်းမြင်ဖွယ်မရှိဘူးလို့ပဲ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခင်းအကျင်းကို လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
ဒီနှစ်ဆန်းပိုင်းမှာ စစ်ခေါင်းဆောင်က တစ်နိုင်ငံလံုးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုနေသလို စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကတော့ ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည်သူတစ်ဦးကတော့ ရွေးကောက်ပွဲဥပဒေမှာ ဘယ်နှစ်မြို့နယ်ကျင်းပမှ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ မပြဌာန်းထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေကိုခြုံငုံပြီး ကျင်းပလို့ရမယ့်နေရာတွေကို ကျင်းပတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲဥပဒေမှာက မြို့နယ် ၃၃၀ ကို အခြေခံပြီး ရွေးကောက်ပွဲကျင်းပရမယ်ဆိုပြီး မြို့နယ်ကို အခြေခံထားတာပေါ့။ ဒါပေမယ့် ဘယ်နှစ်မြို့နယ်ကျင်းပရင် ရွေးကောက်ပွဲဖြစ်မယ်၊ ဘယ်နှမြို့နယ်ကျင်းပမှ ရွေကောက်ပွဲ မဖြစ်ဘူးဆိုတာမပါဘူး။ အဲဒီအတွက် EAO တွေက လက်မခံဘူး၊ စစ်ကိုင်းတိုင်းဆို ရွေးကောက်ပွဲကျင်းပလို့ မရတဲ့အခြေအနေအများကြီးရှိတယ်။ အဲဒီလိုမျိုး အခြေအနေအများကြီး ရှိတဲ့အခါမှာ အကုန်လုံးကျင်းပမယ်ဆိုတာ လက်ရှိခြုံငုံပြီး ပြောလိုက်တာ။ တကယ်တမ်းကျ ကျင်းပလို့ရမယ့်နေရာပဲ ကျင်းပမယ်လို့ပဲ ကျွန်တော်မြင်တယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။
အရေးပေါ်ကာလပြဌာန်းချက်ကုန်ဆုံးပြီး နောက် ၆ လအတွင်း ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီကလွဲရင် နိုင်ငံရေးပါတီအများစုဟာ ပါတီတွင်းစည်းရုံးရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ မတွေ့ရသေးပါဘူး။
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့အထိပါတီဘက်ကို အသိပေးတာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ဘာကြေညာချက်မှ ကျွန်တော်တို့ ပါတီကို ပို့ပေးတာ မရှိသေးဘူး။ ဒီနေ့အချိန်ထိ၊ သတင်းမီဒီယာတွေကတစ်ဆင့်ပဲ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ သတင်းမျိုးပဲ ကြားသိနေရတာဖြစ်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲလုပ်မယ်ဆို နိုင်ငံမှာရှိတဲ့ နိုင်ငံ ရေးပြဿနာတွေက တစ်စုံတစ်ရာဖြေရှင်းဖို့လိုဦးမယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်” လို့ သူက ထောက်ပြပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံလူဦးရေစာ ရင်း တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မဲရုံနေရာလျာထားသတ်မှတ်တာတွေကိုလည်း စစ်ကောင်စီခြေကုပ်ရယူထားတဲ့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုက်ပွဲတွေမဖြစ်ပွားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တစ်ချို့ရှိ မြို့နယ်တွေမှာ လုပ်ဆောင်နေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးထွက်ပေါက်ရဖို့ ရွေး ကောက်ပွဲကို မဖြစ်မနေလုပ်ဆောင်မှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ဝေဖန်တာပါ။
“ရွေးကောက်ပွဲက စကစရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို စကစက မလွဲမသွေဖြစ်မြောက်အောင် လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုဖြစ်မြောက်အောင် လုပ်တဲ့အခါမှာ ၂၀၀၈ အခြေခံဥပဒေကိုလည်း သူတို့က လိုက်နာမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေထဲမှာ မပါတဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ ပြောင်းလဲတဲ့ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ အမှန်က စကစမှာ ဒီလိုပြောင်းလဲနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ လွှတ်တော်မှာပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ကအမိန့်အာ ဏာနဲ့ အဲဒါတွေ ပြဌာန်းမှာဖြစ်ပါတယ်။ အလားတူ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေး ကောက်ပွဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်က အထွေထွေရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ဖူးပါတယ်။
အဲဒီအဆိုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆုံးဖြတ် ချက် ချမှတ်ထားတာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွေဖယ်နေတဲ့ PR စနစ်ကျင့်သုံးမယ့် ရွေးကောက်ပွဲဟာ လက်ရှိ နိုင်ငံ ရေးအခြေအနေအရ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်သလို နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်မယ့် အခြေအနေရှိနေတာကြောင့် မဲလာပေးမယ့်သူလည်း မရှိသလောက် နည်းပါးနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
သံလွင်တိုင်းမ်