နယူးဒေလီ၊ ဇန်နဝါရီ(၇)
ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၃ ရက်အတွင်း နိုင်ငံတွင်းသို့ရောက်ရှိလာတဲ့ နိုင်ငံတကာခရီးသွားတွေမှာ ကိုဗစ်-၁၉ အမျိုးအစားခွဲ ၁၁ ခုကို တွေ့ရှိခဲ့တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ပြောကြားခဲ့ပြီး အဲဒီလိုတွေ့ရှိရတဲ့ ပိုးမျိုးကွဲတွေဟာ မျိုးကွဲအသစ်နဲ့ မူလရှိပြီးသားမျိုးကွဲတွေ ရောနှောထား တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အခုအသစ်တွေ့ရှိရတဲ့ အိုမီခရွန်မျိုးကွဲတွေထဲမှာ BA.5.2 မျိုးကွဲနဲ့ မကြာသေးမီကစလို့ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးကွဲ BF.7 တို့ ဖြစ်တယ်လို့ဆိုပါတယ်။
ကိုဗစ် – ၁၉ မျိုးကွဲရာပေါင်းများစွာဟာ လက်ရှိ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေပေမယ့်လည်း အဲဒီအထဲက မျိုးကွဲ ငါးမျိုးလောက်ကို စိုးရိမ်စရာအဖြစ် စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။
အိန္ဒိယမှာ အဲဒီအချိန်ကာလအတွင်း ကိုဗစ် – ၁၉ စစ်ဆေးမှုခံယူခဲ့တဲ့ ခရီးသည် ၁၉,၂၂၇ ဦးအနက် ၁၂၄ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ နိုင်ငံအတွင်းကိုရောက်ရှိလာတဲ့ နိုင်ငံတကာခရီးသည်အားလုံးရဲ့ ၂ ရာခိုင်နှုန်းကို ကျပန်း စမ်းသပ်မှုများလုပ်ဆောင်တဲ့အပြင် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကနေ ရောက်ရှိလာသူတွေကို ကိုဗစ် – ၁၉ စစ်ဆေးမှု မဖြစ်မနေပြုလုပ်ဖို့လည်း ညွှန်ကြား ထားပါတယ်။
Ref,straitstimes