ရန်ကုန်၊ ဇန်နဝါရီ(၅)
အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်ရေးနေ့အကြိုအဖြစ် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ချီးမြှင့်မှုတွေဟာ အချင်းချင်းမပြိုကွဲအောင် ဖြေသိမ့်တာလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOsတွေနဲ့ နိုင်ငံ ရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်ဟောင်းတွေ၊ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေသူတွေအပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လွတ်လပ် ရေးနေ့အကြိုအဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။
စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေကို ဇန်နဝါရီ ၁ ရက်နေ့မှာ ၂၀၆ ဦးနဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ ၃၄၄ ဦး၊ စုစုပေါင်း ၅၅၀ ဦးကို သူကိုယ်တိုင် နေပြည်တော်မှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင် ခူထဲဘူးကတော့ စစ်ကောင်စီက အခုလိုဘွဲတံဆိပ်တွေ ချီးမြှင့်တာဟာ သူတို့အချင်း ချင်းမပြိုကွဲအောင် ဖြေသိမ့်တာလို့ ဝေဖန်တာပါ။
“သူတို့က သူတို့လူတွေထပ်ပြီးတော့မှ မပြိုကွဲသွားရအောင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုခပ်များများက သူတို့ကိုမကြိုက်တာတွေရှိနေတာကိုး။ အားလုံးက ပြည်သူလူထုကရော နိုင်ငံရေးသမားတွေရော၊ စစ်တပ်ထဲမှာရော အဲဒီလိုမျိုးပေါ့။ အများစုက သူတိူ့ဘက်ကနေ စိတ်မထွက်သွားရအောင်ပေါ့။ နောက်သူတို့က အစိုးရတရပ်အနေနဲ့ ရပ်တည်နေတယ်ဆိုတာ ပြချင်လို့ပဲလို့ ကျွန်တော်နားလည်တယ်” လို့ပြောပါတယ်။
စစ်ကောင်စီက ဘွဲ့တံဆိပ်ပေးအပ်တဲ့ထဲမှာ စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးခြင်းမခံရတဲ့ ဦးတီခွန်မြတ်တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အမျိုးသားရေးလှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း ဦးသန်းဌေးနဲ့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတဟောင်း ဦးစန်းယု၊ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းတို့ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့ပြီး အဲဒီဘွဲတံဆိပ်တွေကို သူတို့ရဲ့မိသားစုဝင်တွေက လက်ခံရယူခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်မှုဟာ စစ်ခေါင်း ဆောင်က သူ့ကိုယ်သူ နိုင်ငံအကြီးအကဲဖြစ်တယ်ဆိုတာ ပုံဖော်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ ဝေဖန်တာပါ။
” လွတ်လပ်ရေးကာလတိုင်းမှာ ကျွန်တော်တို့နိုင်ငံတော်ဆုတံဆိပ်တွေ ချီးမြှင့်တဲ့အစဉ်အလာရှိတာကိုး။ အဲဒီအစဉ်အလာကိုအသုံးချပြီး သူဟာနိုင်ငံတော်အကြီးအကဲ ၊ သမ္မတတစ်ဦးဖြစ်တယ်ဆိုတဲ့အနေအ ထားကို ပြချင်လို့ ဒီပွဲတွေလုပ်ပြီးတော့ ဆုတံဆိပ်တွေ ချီးမြှင့်နေတာဖြစ်တယ်။ ဒါပေမယ့် ဒီနေ့ကာလတွေမှာ ဗမာပြည်ရဲ့နိုင်ငံရေး၊ စစ်ရေး အထွေထွေကျဆင်းနေတဲ့အချိန်မှာ ဒီလိုလုပ်တာဟာ ကျွန်တော်တို့ ပြည်သူတွေပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေပိုမိုပိစေပြီးတော့ ဒီအပေါ်မှာ သူကနိုင်ငံအကြီးအကဲဖြစ်တယ်ဆိုတာကို ပုံဖော်ဖို့ကြိုးစားနေတာကတော့ စိတ်မကောင်းစရာကောင်းတဲ့ကိစ္စပဲလို့ ကျွန်တော်တို့ကမြင်ပါတယ်” လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်အမှတ်နေ့အဖြစ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးကနေ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၇၀၁၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
အဲဒီထဲမှာတော့ NLD အစိုးရ သာသနာရေးဝန်ကြီးဟောင်း သူရဦးအောင်ကို၊ ရန်ကုန်တိုင်းစည်ပင်သာ ယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာ ဦးထင်လင်းဦးတို့လည်း ပါဝင်ပါတယ်။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအများစု ပါဝင်လာခြင်းမရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်