အမျိုးသားညီညွတ်ရေးအစိုးရ NUGဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘက်ပေါင်းစုံကနေရှိသမျှ တံခါးတွေအားလုံး ဖွင့်ထားကြောင်းနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပသွားမယ်လို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေကို NUG အနေနဲ့ ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။စစ်ကောင်စီက လုပ်မယ့် ရွေး ကောက်ပွဲအပေါ် ဘာသတင်းစကားပါးလိုက်ပါသလဲ။ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေဟာ မြေပြင်အခြေအနေတွေနဲ့ ဘယ်လောက်အထိကွာခြားနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUGဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ နှစ်သစ်မိန့်ခွန်းမှာဆိုရင် တိုင်းပြည်ကို မူလအခြေအနေအတိုင်း အေးချမ်း စေဖို့ ဆောင် ရွက်နေတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား ဒေသတွေရဲ့ အခွင့်အရေးပိုမို ဆောင်ရွက်ပေးနိုင်မယ်လို့ပြောဆိုမှုက လက်တွေ့နဲ့ ဘယ်လိုများကွာခြားမှုတွေ ရှိနေမလဲ။ သုံးသပ်ပေးပါ။
အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်တို့လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲဆိုတဲ့ အသုံးအနှုန်းနဲ့တောင် ထိုက်တန်မှုမရှိဘဲနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို၊ အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု ဖြစ် တယ်ဆိုတာကို ၁ရက်နေ့က ထုတ်ပြန်တဲ့ NUG နဲ့ NUCC အခြားအဖွဲ့ဝင်တွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ အတိ အလင်း ဖော်ပြထားတာရှိပါတယ်။ ဒီအတုအယောင် ရွေး ကောက်ပွဲတို့၊ ငြိမ်းချမ်းရေးတို့ ဒါတွေဟာ ကိုမင်းကို နိုင်စကားကို ငှားပြီးပြောရမယ်ဆိုရင် ကယောင်ကတမ်းထပြီးတော့ ရွတ်တာ တွေလို့ပဲ ပြောရမှာဗျ။ နောက် မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ သူဘာတွေပြောခဲ့တယ်ဆိုတဲ့ စကားတွေပဲ နားထောင်လို့ မရဘူး။ သူဘာတွေ လုပ်ခဲ့လဲဆိုတာကို ပြန်ကြည့်ဖို့လိုတယ်။ရှည်ရှည်ဝေးဝေး အတင်းအကြပ်ကြီး လိုက်ရှာနေစရာလည်း မလိုပါ ဘူး။ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့အာဏာကို ပြည်သူ့အစိုးရလက်ထဲကနေ မတရား လုယူပြီး နောက်ပိုင်းမှာ မတရားညှင်းဆဲမှုတွေနှိပ်စက်မှုတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ လူထုရဲ့အိုးအိမ်စည်း စိမ်တွေကိုဖျက်ဆီးမှုတွေ ဒါတွေကို တောက် လျှောက်ကျူးလွန်ခဲ့တာ ဒီနေ့ထိလည်း ရပ်တန့်သေးတာ မဟုတ် ဘူးနော်။ မင်းအောင်လှိုင်မိန့်ခွန်းထဲမှာ ဘာပြောလဲဆိုတဲ့စကား ထက် မင်းအောင်လှိုင်နဲ့ ဖက်ဆစ်စစ်တပ်က လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော်တို့ သေချာကြည့်မြင်ဖို့လိုပါတယ်ခင်ဗျ။
နောက်တစ်ခုက အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် မင်းအောင်လှိုင်အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဟာ ဒီရွေးကောက်ပွဲကို လုပ်နိုင်စွမ်းလည်းမရှိပါဘူး။ ဒါမြန်မာတစ်နိုင်ငံလုံးမှာ NUG အပါအဝင် တိုင်းရင်းသားတွေက တော်လှန်ရေးအင်အားစုတွေ၊ တိုင်း ရင်းသားမဟာမိတ်တွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေဟာ တကယ်ကိုရှိနေပါတယ်။ ထုတ်ပြန် ချက်တွေထဲမှာလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ တရားဝင်သာ မကြေငြာသေးတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုတာကို မင်းအောင်လှိုင်ရဲ့ဖက်ဆစ်စစ်တပ်က လုပ်နိုင် စွမ်းလည်းမရှိသလို လုပ်ပိုင်ခွင့် တရားဝင်မှု လည်းမရှိပါဘူး။ နောက်အရေးကြီးဆုံး အချက်ကတော့ ရွေးကောက်ပွဲဆိုတာဟာ ပြည်သူလူထုထောက်ခံ အားပေးမှသာလျှင် အောင်မြင်ရိုးထုံးစံရှိပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း သူတို့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီအတုအယောင် ရွေးကောက်ပွဲတွေဟာ ပြည်သူ့ထောက်ခံမှုမရှိတဲ့ အတွက်ကြောင့် အောင်မြင်စရာလည်းမရှိပါဘူး။ တရားမျှတပြီး လွတ်လတ်တဲ့ ရွေးကောက်ပွဲဟာ ပြုလုပ်ပြီး ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲရလာတဲ့ ရလဒ်ကနေ ဖြစ်လာတဲ့ NUG,CRPH နောက်တော်လှန်ရေးအင်အား စုတပ်ပေါင်းစုလို့ ပြောလို့ရတဲ့ NUCC ရှိမယ်။ ရွေးကောက်ပွဲ ဆိုတာ ရလဒ်တစ်ခုရှိခဲ့ပြီး ဖြစ်ပါတယ်။ တော်လှန် ရေးအင်အားစုတွေရဲ့ Federal democracy charter ကို အခြေခံအတိုင်း သွားပြီးတဲ့အချိန်မှာ ဒီအကြမ်းဖက် စစ်အုပ်စု မဟုတ်တဲ့ တကယ့်ကျင်းပပိုင်ခွင့်ရှိတဲ့ အစိုးရသစ်တစ်ရပ်ပေါ်လာရင် ရွေးကောက်ပွဲ တစ်ခုကို ထပ်မံပြီးတော့ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
-ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးရေးတို့၊ တည်ငြိမ်တဲ့နိုင်ငံရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေးပြဿနာ၊ အကျပ်အတည်းတွေကို ကြည့်ရင် ဒီ ၂၀၂၃ ခုနှစ်ကတကယ်ပဲ အစပျိုးစေတဲ့ နှစ်တစ်နှစ်လို့ ဒါမှမဟုတ် တော်လှန်ရေး ကိုအဆုံးအဖြတ်ပေးမယ့်နှစ်လို့ မြင်မိလား။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဒီနှစ်ကူးမှာ NUGနဲ့ NUCCအပါအဝင် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းထုတ်ပြန်တဲ့ကြေငြာစာတမ်းလည်း ကျွန်တော်တို့ ထွက်လာသလို အခြားနိုင်ငံရေး အင်အားစုတွေအသီးသီးကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် တွေကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်အကြမ်းဖက်စစ်တပ်ရဲ့ ပြောစကားမဟုတ်ပဲနဲ့ အခြားမြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့နိုင်ငံရေးအင်အားစုတွေရဲ့ ပြောစကားတွေဟာ ဘာတွေလဲ။ အဲဒီလူတွေက ဘာကိုရည်မှန်းပြီး လုပ်ဆောင်သွားမလဲဆိုတာကို ထင်ထင်ရှားရှား မြင်နိုင်မှာဖြစ်ပါတယ်။
-နောက်ဆုံးအနေနဲ့ ၂၀၂၃ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးအတွက် သမိုင်းကောင်းတစ်ခု ဖန်တီးနိုင်မယ့် အခွင့်အ ရေးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးလား၊ ဒါမှမဟုတ် အတိုက်အခံအင်အားစုတွေရဲ့ စစ်အာ ဏာရှင်စနစ်ကို အမြစ်ပြုတ်ချေမှုန်းရေးလား။ ဘယ်လိုမျိုး ဖြစ်နိုင်မလဲ။
NUG ကကြွေးကြော်ထားတဲ့အတိုင်း တစ်သံတည်းညီ၊ တချီတည်းရုန်း ၂၀၂၃ပေါ့နော်။ ဒီအနေအထားတိုင်း သွားဖို့အတွက် အခုတိုင်းရင်းသား မဟာမိတ်အင်အားစုတွေနဲ့ ပြည်သူလူထုနဲ့ ဘယ်လောက် တစ်သံတည်း ညီနေပြီ။ နောက်ပြီးတော့ တစ်ချီတည်းရုန်းဖို့ဘယ်လောက် စည်းလုံးညီညွတ်နေပြီဆိုတာကို မြင်ရမှာဖြစ် ပါတယ်။ NUGရဲ့ One year plan ထဲမှာ ၂၀၂၃ဟာ တော်လှန်ရေးကို အဆင့်တစ်ဆင့် မြှင့်မယ့် ဒုတိယ အဆင့်ပေါ့။ ဇန်နဝါရီကစပြီး စတင်တော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံခြားရေးကဏ္ဍမှာဆိုရင် တိုးတက် ပြောင်းလဲမှုတွေ အများကြီးမြင်ရသလို မကြာခင်မှာ စစ်ရေးအရရော၊ ဘဏ္ဍာရေးအရရော၊ နိုင်ငံရေးအရရော ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။