မော်လမြိုင်၊ ဇန်နဝါရီ(၄)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးနောက် သတ်ဖြတ်ခံရသူ ၈၄၁ ဦးအထိ ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေဟာ စစ်အုပ်စုတပ်သားတွေကဖြစ်စေ၊ အရာရှိတွေကဖြစ်စေ၊ ထောက်ခံသူတွေကဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို နည်းလမ်းမျိုးစုံသုံးပြီး ဖမ်းဆီးထိန်းသိမ်းကာ အင်အားသုံးတာ၊အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံရမယ့်စံနှုန်းတွေကို လျစ်လျူရှု ဥပပေက္ခာပြုတာတွေဟာ အဖမ်းခံရသူတွေကို အသက်သေဆုံးစေတာလို့ AAPP က ဆိုထားပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားမှုမှာ ထောင်တွင်းဖြစ်စေ၊ စစ်ကြောရေးဖြစ်စေ၊ စစ်တန်းလျားဖြစ်စေ၊ ပြင်ပမှာ ထိန်း သိမ်းထားရာဖြစ်စေ ဖြစ်ပွားနိုင်ပြီး ဒီလိုဖြစ်ပွားချိန်မှာ နစ်နာခံစားရသူဟာ လက်ထိပ်ဒါမှမဟုတ် ကြိုး ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ချုပ်နှောင်မှုခံထားရနိုင်တယ်လို့ AAPP က ဆိုပါတယ်။

ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့ရသူတွေထဲမှာဆိုရင် စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ အယောက် ၄၀၀ ကျော်အထိ ပါဝင်ခဲ့ပြီး မကွေးတိုင်းမှာတော့ အယောက် ၁၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ AAPP အချက်အလက်တွေက ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးအတွင်း သေဆုံးသူစုစုပေါင်း ၂၆၀၀ ကျော်အထိရှိခဲ့ပြီး ကလေး ၂၇၀ ကျော်နဲ့ အမျိုးသမီး ၃၂၀ ကျော်လည်း သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် ဖမ်းဆီးခံရသူပေါင်း ၁၆,၇၀၀ ကျော်ရှိခဲ့ပြီး ဒီကနေ့အထိ ထိန်းသိမ်းခံနေရသူ ၁၃,၂၀၀ ကျော်ထဲက အမျိုးသမီး ၂၆၀၀ ကျော်နဲ့ ကလေး ၃၇၀ ကျော် ပါဝင်တယ်လို့ AAPP ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.