ရန်ကုန် – ဇန်နဝါရီ(၄)
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာနဲ့ အတူ ပြန်လွတ်လာတဲ့ သူတွေထဲမှာ သာသနာရေးဝန်ကြီး ဟောင်း သူရဦးအောင်ကို၊ ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီဝင် ဆရာရေးဆရာမ ဒေါ်သန်းမြင့်အောင်နဲ့ စာရေးဆရာ ဦးထင်လင်းဦး တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီလ(၄) ရက်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်း အမိန့်နဲ့ စစ်ကောင်စီက လွှတ်ပေးတာမဟုတ်ဘဲ ၅၀၅(က) ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၁) နှစ်အောက် ကျန်တဲ့သူတွေကို ပြစ်ဒဏ်လျှော့ပေါ့တာနဲ့ လွှတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
ပြစ်ဒဏ်ကျခံနေရသူတွေထဲက (၁) နှစ်နဲ့အထက် ကျန်ရှိနေတဲ့ ပုဒ်မ ၅၀၅ သမားတွေကို ပြစ်ဒဏ်ရဲ့ (၆)ပုံ(၁) ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမိန့်မချရသေးသူတွေကတော့ ဒီအစီအစဉ်မှာ ပါဝင်တာ မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားအရေးကူညီပေးနေတဲ့ ရှေ့နေတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
လက်ရှိအချိန်ထိ တခြား သတင်းသမားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းထဲပါတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီပြန်လွှတ်ပေးခဲ့တဲ့ သူတွေထဲက စာရေးဆရာထင်လင်းဦးနဲ့ ဒေါ်သန်းမြင့်အောင်တို့ ဟာ အခုချိန်ထိ နေအိမ်ပြန်မရောက်သေးဘူးလို့ သိရပြီး သာသနာရေးဝန်ကြီးဟောင်း သူရဦးအောင်ကို ကတော့ ဇန်နဝါရီလ(၃) ရက်နေ့တည်းက နေအိမ်ပြန်ရောက်နေပြီလို့ သိရပါတယ်။
အင်းစိန်အကျဉ်းထောင်မှာလည်း ဒီတကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သူတွေကို အရင်တုန်းကလို YBS ကားတွေ အသင့်ထိုးပေးထားတာမရှိသေးဘူးလို့ အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်