ရေးမြို့၊ ဇန်နဝါရီ(၄)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ရေးမြို့နယ်အခြေစိုက်စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ ဘေးလမိုင်းကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဘေးလမိုင်းကျေးရွာထဲနဲ့ ရွာထိပ်နားကကျောက်ခွဲစက်အနီး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသားတစ်ဦးမှာ ခြေထောက်ရှပ်မှန်ဒဏ် ရာ၊ အမျိုးသမီးတစ်ဦးမှာ လည်ပင်းလက်နက်ကြီးစထိမှန်ဒဏ်ရာနဲ့ နောက်အမျိုးသမီးတစ်ဦးမှာ ဝမ် းဗိုက်လက်နက်ကြီးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ ၃ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲခံရတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို လာစစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဘေးလမိုင်းကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ ကျောင်းပို့ပြီးပြန်လာတဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၁) တပ်ရင်းစစ်ကားကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်