မော်လမြိုင် – ဇန်နဝါရီ(၄)

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နဲ့ အချုပ်ထောင် အသီးသီးကနေ စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၄၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်း တစ်ဦးတစ်ယောက်မျှ မပါဝင်ဘူးလို့ ပြည်နယ်အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နဲ့ အချုပ်ထောင် အသီးသီးကနေ အကျဉ်းသူ၊အကျဉ်သား ၄၁၂ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။

လွတ်ငြိမ်းခွင့်ရသူတွေဟာ ပြည်နယ်အတွင်းရှိ အကျဉ်ထောင်၊ အချုပ်ထောင်နဲ့ စခန်း (၁၁) ခုက အကျဉ်းသား၊အကျဉ်းသူတွေ ဖြစ်ပြီး အဲဒီထဲမှာ အကျဉ်းသား ၃၂၇ ၊ အကျဉ်းသူ ၈၅ ဦး ပါဝင်ပါတယ်။

စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့ထဲမှာတော့ နိုင်ငံရေး အကျဉ်းသား ပါဝင်မှု မရှိဘဲ တခြား ပြစ်မှုတွေနဲ့ ပြစ်ဒဏ် ကျခံနေရသူတွေသာ ပါဝင်တယ်လို့ မွန်ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင်ပေးလိုက်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေဟာ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံရမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်အမှတ်နေ့အဖြစ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်း အသီးသီးကနေ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၇၀၁၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.