ရန်ကုန်၊ ဇန်နဝါရီ(၄)
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ် အစီအစဉ်တွေထဲမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဒုတိယအဆင့်ကို ဇန်နဝါရီလမှာ စတင်တော့မယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း NUG အပါဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တော်လှန် ရေးအင်အားစုတို့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းတဲ့ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲရမယ့်ကာလဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံက ပြည်သူတရပ်လုံးအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို အဆုံး အဖြတ်ပေးမယ့် သမိုင်းဝင်တော်လှန်ရေးကြီးမှာ ပြင်းပြထက်သန်တဲ့ ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ ဆန္ဒ၊ ဉာဏ် ပညာတို့နဲ့ အစွမ်းကုန်ဆက်လက်ဆင်နွှဲ ပါဝင်ပူးပေါင်းကြစေလိုတယ်လို့ NUG အပါအဝင် တော်လှန် ရေးအင်အားစု ၂၀ ကျော်တို့က ပူးတွဲကြေညာစာတမ်းကို နှစ်သစ်ကူးမှာ ထုတ်ပြန်ခဲ့တာပါ။
NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ မကြာခင်အချိန်မှာ စစ်ရေးအပါအဝင် ဘဏ္ဍာ ရေးနဲ့ နိုင်ငံရေးတွေမှာ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
“NUG ကကြွေးကြော်ထားတဲ့အတိုင်း တစ်သံတည်းညီ တစ်ချီတည်းရုန်း ၂၀၂၃ ပေါ့၊ ဒီအနေအထားတိုင်းသွားဖို့ အခုတိုင်းရင်းသားမဟာမိတ်အင်အားစုတွေနဲ့ ပြည်သူလူထုနဲ့ ဘယ်လောက်တစ်သံတည်း ညီနေပြီ၊ တစ်ချီတည်းရုန်းဖို့ ဘယ်လောက်စည်းလုံးညီညွတ်နေပြီဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ NUG ရဲ့ One Year Plans (တစ်နှစ်တာ အစီအစဉ်) ထဲမှာဆို ၂၀၂၃ ဟာ တော်လှန်ရေးကို အဆင့်တစ်ဆင့်မြှင့်မယ့် ဒုတိယအဆင့်ပေါ့။ Phase 2 အနေနဲ့ ဇန်နဝါရီကနေ စတင်တော့မှာ ဖြစ်ပါတယ်။အဲ ဒီအတွက်ကြောင့်မို့ အခုဆို နိုင်ငံခြားရေးကဏ္ဍမှာ တိုးတက်ပြောင်းလဲမှုတွေ အများကြီးမြင်ရသလို မကြာခင်မှာ စစ်ရေးအရရော၊ ဘဏ္ဍာရေးအရရော၊ နိုင်ငံရေးအရရော ထူးခြားတဲ့တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒါပေမယ့် တော်လှန်ရေးအတွက် ဒုတိယအဆင့်မြှင့်တင်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးအစီအစဉ်တွေ နည်းဗျူဟာတွေဖြစ်မလဲဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာ အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးပြီး နိုင်ငံရေးထွက်ပေါက်အနေနဲ့ တရားဝင်အသိအမှတ်ပြုမှုရဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် (KIO) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နဲ့ တပ်မဟာ(၂) တို့ကတော့ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ နှစ်သစ်ကူးမှာ ထိပ်ပိုင်းခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်ကလည်း ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးဆုံးနှစ် တစ်နှစ်ဖြစ်သလို စစ်ကောင်စီဘက်က ရွေးကောက်ပွဲ လုပ်နိုင်၊မလုပ်နိုင် စောင့်ကြည့်ရမယ့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“၂၀၂၃ ကတော့ ကျွန်တော်တို့အတွက် အရေးကြီးတဲ့နှစ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ အင်အားစုတွေနဲ့ အခု စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ စစ်တပ်ကတော့ ၂၀၂၃ ရွေးကောက်ပွဲနဲ့ သူ့ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။ဒါလည်း ၂၀၂၃ က ရွေးကောက်ပွဲ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
နိုင်ငံတဝန်းမှာ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ်တွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေဟာ တရားဝင်မကြေညာသေးတာကလွဲရင် တကယ်ကို ရှိနေပြီဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ လုပ်နိုင်စွမ်းမရှိဘူးလို့ ဦးနေဘုန်းလတ်က ထောက်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့(SAC- Myanmar) ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၇၂ မြို့နယ်ကိုသာ အပြည့်အဝထိန်းချုပ်နိုင်တော့တယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ဒုတိယပတ်တုန်းက ထုတ်ပြန်ထားပါတယ်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူကတော့ ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းမယ့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ပြင်းထန်တိုက်ပွဲတွေ ဖြစ်ပေါ်လာမယ့်ကာလလို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်