ဒီးမော့ဆို – ဇန်နဝါရီ(၃)
ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်ကို စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်လာတဲ့ အတွက် ပြည်သူတွေထိခိုက်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒရုန်းတွေကို ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်နဲ့ အနောက်ဘက် တွေမှာ အများဆုံးအသုံးပြုနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်ကာ (၄) ကြိမ်ထက်မနည်းတိုက်ခိုက်လာတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုကို လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းတိုက်ခိုက်မှု တွေ ကိုအဓိကထား လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ၆၀-မမ အရွယ် လက်နက် (၄) လုံးသယ်နိုင်တဲ့ ဒရုန်းတွေနဲ့ ပြည်သူတွေကို တိုက်ခိုက်နေတာပါ။
ဒီရက်ပိုင်းမှာ စစ်ကောင်စီက ဒရုန်းတွေသုံးပြီး ညတိုင်းလိုလို ကင်းထောက်တာတွေလုပ်ဆောင် နေသလို သူတို့အသုံးပြုနေတဲ့ ဒရုန်းတွေဟာ မိုင်ဆယ်နဲ့ချီသွားနိုင်တဲ့ ဒရုန်းအမျိုးအစား တွေ ဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် သတင်း ပြန်ကြားရေး တာဝန်ခံ ဦးကယန်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒရုန်းတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံးထက်မနည်းပျက်စီး ထားသလို လွိုင်လင်လေး၊ဝမ်ငေါ့ စာသင်ကျောင်းတွေပေါ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ သက်သေ အထောက် အထားတွေ ဒေသခံတွေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကယား ပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့နေပြီး တင့်ကားတွေအသုံးပြု စစ်ကြောင်းထိုးဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်ကို လေကြောင်း တိုက်ခိုက်မှု အကြိမ်(၂၀၀) နီးပါး ပြုလုပ်ခဲ့ပြီး လက်နက်ကြီးတွေလည်း နေ့စဉ်ပစ်ခတ်နေ တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ် မှုတွေ ကြောင့် ပြည်သူ(၄၁၉) ဦးသေဆုံးခဲ့ရတယ်လို့ တိုးတက် သောကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။
လူဦးရေ (၃) သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီကြောင့် ဒေသခံ (၂) သိန်းကျော် ဟာ စစ်ဘေးရှောင်နေရပြီး သူတို့တွေအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေလို အပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ (စစ်ကောင်စီဒရုန်းကြောင့် ပျက်စီးထားတဲ့ ပြည်သူပိုင်နေအိမ်)