တိုကျို၊ ဇန်နဝါရီ(၄)

ဂျပန်အစိုးရက လူဦးရေထူထပ်လွန်းတဲ့ တိုကျိုမြို့တော်ဧရိယာမှ ပြင်ပကိုပြောင်းရွှေ့ပြီးနေထိုင်တဲ့ ကလေးရှိ မိသားစုတွေအတွက် ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ကလေးတစ်ဦးကို ယန်း (၁) သန်းအထိ ထောက်ပံ့ပေးသွားဖို့ စီစဉ်နေပါတယ်။

လက်ရှိအချိန်မှာ ကလေးတစ်ဦးကို ယန်း(၃)သိန်းထောက်ပံ့နေရာကနေ အခုလိုယန်း(၁)သန်းအထိ တိုးမြှင့် ပေးခဲ့တာပါ။

၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်က စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ဟာ ကလေးမွေးနှုန်းကျဆင်းလာမှုနဲ့အတူ သက်ကြီး ရွယ်အိုတွေနေထိုင်ရာဒေသတွေကို ပြောင်းရွှေ့နေထိုင်ဖို့နဲ့ ကလေးပြုစုပျိုးထောင်သူတွေကို တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

သတ်မှတ်အရည်အချင်းပြည့်မီသူတွေဟာ ဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ တိုကျိုမြို့ရဲ့ ရပ်ကွက် ၂၃ ခုမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ငါးနှစ်ကျော်နေထိုင်ခဲ့တဲ့ အိမ်ထောင်စုတွေပါဝင်ပါတယ်။ ဒါ့အပြင် တိုကျိုမြို့အပြင်ဘက်ရှိ အခြားရပ်ကွက်တွေကို ပြောင်းရွှေ့သွားတဲ့ မိသားစုတွေအပြင် ဆိုင်တမာ၊ ချီဘာနဲ့ ကန်နာဂါဝ စီရင်စုတွေက မိသားစုတွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

ထောက်ပံ့ပေးမယ့်အစီအစဉ်မှာ မိသားစုထဲရှိ ကလေးအရေအတွက်နဲအညီ ငွေကြေးပံ့ပိုးမှု တိုးမြင့်ရေးအစီ အစဉ်တွေ ပါဝင်မှာဖြစ်ပြီး လက်ရှိအချိန်အထိကတော့ အပိုထောက်ပံ့ကြေးမှာ ကလေးတစ်ဦးကို ယန်း (၃) သိန်း ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့်ဧပြီလမှ စတင်မယ့် စည်းမျဉ်းသစ်အရ ကလေးနှစ်ဦးရှိတဲ့ စုံတွဲတစ်တွဲဟာ ယန်း ၃ သန်းအထိ ရရှိမှာ ဖြစ်ပြီး ပြောင်းရွှေ့ပြီးနောက် သုံးလမှ တစ်နှစ်အတွင်း သက်ဆိုင်ရာ ဒေသန္တရ အစိုးရသစ်ထံသွားပြီး အနည်းဆုံး ငါးနှစ်နေထိုင်ဖို့ ပြသဖို့ လိုအပ်မှာဖြစ်ကာ ငါးနှစ်အတွင်းထွက်သွားပါက ငွေပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်မှာ မိသားစုဦးရေ (၁၁၈၄) ဦးကို ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး အရင်နှစ်တွေထက် များစွာတိုးမြင့်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ သူ့ရဲ့ ဒစ်ဂျစ်တယ်ဥယျာဉ်မြို့တော်အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေးစီမံ ကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အဲဒီအစီအစဉ်ကို ကျေးလက်ဒေသများသို့ ပြောင်းရွှေ့နေရာချထားရေး မြှင့်တင်ခြင်းဖြင့် ဒေသတွင်း ပြန်လည်သက်ဝင်လှုပ်ရှားလာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သောသောကြာနေ့က ကျင်ပခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာတော့ ကျယ်ပြန့်တဲ့ မဟာဗျူဟာအရ တိုကျိုမြို့တော်ဧရိယာမှ ကျေးလက်ဒေသတွေသို့ ရွှေ့ပြောင်းအခြေချသူအရေအတွက်ကို ၂၀၂၃ ဘဏ္ဍာနှစ်မှ ငါးနှစ်စီမံကိန်းအဖြစ် ၂၀၂၇ ဘဏ္ဍာနှစ်တွင် လူဦးရေ ၁ သောင်းအထိပို့ဆောင်ဖို့ အစီအစဉ်ချမှတ်ခဲ့ပါတယ်။

ကျေးလက်ဒေသတွေကို ပြောင်းရွှေ့နေထိုင်သူတွေအတွက် နေထိုင်မှုပိုမိုလွယ်ကူလာစေဖို့ အစိုးရက သဘာဝပတ်ဝန်း ကျင် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ဆောင်ရွက်နေတာပါ။ ဒါ့အပြင် ဒစ်ဂျစ်တယ်နည်းပညာ တွေနဲ့ အလိုအလျောက်မောင်းနှင်တဲ့ ဘတ်စ်ကားတွေနဲ့သာမက ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဆောင် ပေးဖု့ိအတွက် ဒေသန္တရအစိုးရအစီအစဉ်တွေကို ထောက်ပံ့ငွေတွေ ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။  
Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.