မော်လမြိုင်၊ ဇန်နဝါရီ(၄)

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်တော့မယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားခဲ့တာဖြစ်ပြီး အဲဒီထဲမှာတော့ ကျင်စန်းကျော့ဂိတ်တစ်ခုကိုသာ တင်းကြပ်တဲ့ စည်း ကမ်းချက်တွေနဲ့ ဖွင့်လှစ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ တရုတ်အစိုးရဟာ ၃ နှစ်နီးပါးကြာပိတ်ထားတဲ့ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ ပန်ဆိုင်းနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်ဖွင့်ပေးတော့မယ်လို့ တရားဝင်ကြေညာလာတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်တော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး နယ်စပ်ကုန်သည်တစ်ဦးက အခုလိုပဲပြောပါတယ်။

“ကျွန်တော်တို့ လွန်ခဲ့တဲ့ (၃)နှစ်နီးပါးလောက်ထဲက မူဆယ်မြို့နယ်အတွင်းမှာရှိတဲ့ ဂိတ်အားလုံးကို ပိတ်ထားပါတယ်။ အဲဒီထဲမှာ ကျင်စန်းကျော့ ဂိတ်တစ်ခုပဲဖွင့်သေးတယ်။ ကျန်တဲ့ဂိတ် (၄)ဂိတ်ကို ပိတ်ထားပါတယ်။ ဒါပေမယ့် အခုဇန်နဝါရီလ (၈)ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ မူဆယ်မြို့နယ်အတွင်းမှာရှိတဲ့ ကျွန်တော်တို့ မူဆယ်ကျယ်ဂေါင်ဂိတ်လို့ ခေါ်တာပေါ့။ ခြံစည်းရိုးပဲခြားတယ် မူဆယ်ဘက်ခြမ်းမှာ။ မန့်ဝိန်းဂိတ် ဖွင့်မယ်။ နန်းတော်ဂိတ် ဖွင့်မယ်၊ ဆင်ဖြူဂိတ် ဖွင့်ပါမယ်။ အနီးဆုံး ဂိတ်တွေပါ။ အခုတော့ ဒီဂိတ်တွေကနေပြီးတော့ လူအဝင်၊အထွက်လုပ်လို့ရမယ်။ ကုန်တင်ကားတွေ အဝင်အထွက်လုပ်လို့ရမယ်။ အိမ်စီးကားတွေ အဝင်အထွက် လုပ်လို့ရမယ်။ ဆိုင်ကယ်တွေ အဝင်အထွက်လုပ်လို့ရမယ်။ ထော်လာဂျီတွေ အဝင်အထွက်လုပ်လို့ရမယ်။ ဒါတွေကို နေ့စဉ်ဝင်ထွက်ခွင့်ပြုမယ်လို့ တရုတ်နိုင်ငံအစိုးရကနေပြီးတော့ တရားဝင်စာထွက်ထားပါတယ်”လို့ ဆိုပါတယ်။

တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ပေးမယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာတော့ နေ့စဉ်တရုတ်စံတော် ချိန် နံနက် (၈)နာရီ ကနေ ည(၁၁)နာရီခွဲအချိန်အထိ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သလို ကုန် ပစ္စည်းတွေကိုလည်း သတ်မှတ်စည်းကမ်းချက်တွေနဲ့ တင်ပို့နိုင်မယ်လို့ သိရပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်လိုက်ပါက သွားလာရလွယ်ကူပြီး ကုန်ကျစရိတ်တွေ သက်သာလာမှာဖြစ်သလို ကုန်ဈေးနှုန်းတွေ ကျဆင်းလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

“ဖွင့်ရင်တော့ သွားရေးလာရေး၊ ဝင်လို့ထွက်လို့ပိုကောင်းမယ်။ ကုန်ကျစရိတ်တွေ သက်သာသွားမယ်။ ကုန်ကျစရိတ်ဆိုတာ ဒီလူတွေဝင်လို့ထွက်လို့ရတော့ ဥပမာ-ကြားခံနယ် ရှန်တိန်တွေဘာတွေပြုတ်သွား မှာပေါ့နော်။ သယ်ယူစရိတ်တွေ တော်တော်သက်သာသွားမယ်။ ပိုပြီးတော့ မြန်ဆန်လာမယ်ဗျာ။ စ ရိတ်စကတွေကျတော့ ကုန်ဈေးနှုန်းကျလာမယ် အဲဒါမျိုးပေါ့။ ဥပမာအရင်တုန်းက စရိတ်စက ဆန်တစ်အိတ်သယ်မယ်ဆိုရင် (၅၀၀)လောက်ကျမယ်။ လွယ်လွယ်ကူကူသယ်ရတော့ တန်ဆာခက (၂၀၀) လောက်ပ ကုန်ကျမှာပေါ့နော်။ အဲဒီသဘောပေါ့”လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်ဘက်ကပိတ်ထားခဲ့တဲ့အ တွက် နှစ်နိုင်ငံကုန်သွယ်မှု ၆၅ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့သလို တချို့လတွေမှာ ကုန်သွယ်မှုလုံးဝရပ် တန့်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာတော့ ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားတာကြောင့် နေ့စဉ်ကားအစီးရေ (၁၃၀) ဝန်းကျင်လောက်သာ ကုန်သွယ်မှုပြုလုပ်နိုင်ပြီး ဂိတ်အားလုံး ဖွင့်လှစ်လိုက်ပါက ကားအစီးရေထောင်နဲ့ချီ ကုန်သွယ်နိုင်မယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကတဆင့် တရုတ်နိုင်ငံထဲကို ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အပါအဝင် ရေထွက်ကုန်တွေကို အဓိကတင်ပို့နေတာပါ။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံထဲကို ဆောက်လုပ်ရေးသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ လူသုံးကုန်၊ စားသောက်ကုန်အပြင် တခြားသောအထွေထွေသုံးကုန်ပစ္စည်းတွေကိုပါ တင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.