ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၄)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ တပ်ရင်းကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကစပြီး KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၃၂ ၊ ခလရ ၂၈၃ နဲ့ ခလရ ၂၈၄ တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ညနေ ၃ နာရီအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ရင်း ၃ တပ်ရင်း တိုက်ခိုက်ခံရမှုမှာ ခလရ ၃၂ နဲ့ ခလရ ၂၈၄ တပ်ရင်း ၂ ရင်းကို ပူးပေါင်းအဖွဲ့တွေက တပ်ရင်းဗဟိုကင်းအထိ တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိအချိန်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရင်းတွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ အဆက်မပြတ် တိုက်ခိုက်နေသလို အရပ်သားပြည်သူတွေလည်း ထိခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့နီးစပ်သူတွေအဆိုအရ စစ်ကောင်စီတပ်ရင်းတွေ တိုက်ခိုက်ခံရမှုမှာ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတွေ အပါအဝင် အရာရှိတွေလည် သေဆုံးထားကြောင်းနဲ့ တပ်ရင်းမှူးကတော်အပြင် ရဲမေတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီတို့က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းမပေါ် တောင်စွန်းကျေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်စခန်း ၂ ခုကို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.