ရေး – ဇန်နဝါရီ(၂)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းက Mytel တာဝါတိုင် လာစစ်တဲ့ စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၉ နာရီလောက်မှာ ကျုံလောင်းရွာဟောင်းအနီးရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ရေးဘီလူးအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲခံရပြီးနောက် Mytel တာဝါတိုင် စစ်ဆေးဖို့ လာတဲ့ တပ်အင်အား ၁၀ ဦးကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေးဘီလူးအဖွဲ့က အသင့်စောင့်ဆိုင်းပြီး ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကတော့ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့ကြောင်းနဲ့ မွန်ပြည်နယ်မှာ ဒီထက်ကောင်းမွန်တဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ အဲဒီတိုက်ခိုက်မှုပြီးနောက် လူမှုကွန်ရက်ကနေ တဆင့် သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁ ရက်နေ့က ရေးမြို့နယ်၊ ချောင်းတောင်တံတားမှာ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့တွေရဲ့ အကြောင်းမဲ့ ပစ်ခတ်မှုအတွက်လည်း ပြန်ပေးဆပ်ရမယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်၊ ချောင်းတောင်တံတောင်းပေါ်မှာ ဆိုင်ကယ်နဲ့ လာတဲ့ အမျိုးသမီး ၂ ဦးကို တံတားလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် မော်လမြိုင်ဆေးရုံနဲ့ ရေးဆေးရုံသို့ တင်ပို့ထားရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.