a logo design about Fake News, Fake news logo, fake news tag, vector illustration

မင်္ဂလာပါရှင်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” အမေရိကန်သံရုံးရှေ့၌ ပြည်သူများ ဆန္ဒထုတ်ဖော်သည့် မြင်ကွင်း” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Kyaw Swarနဲ့ Han Nyein Oo တယ်လီဂရမ်အကောင့်ကနေ ဒီဇင်ဘာလ ( ၂၉)ရက်နေ့မှာ စတင် ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ ” ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့၌ “အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့” စာသားများ ကိုင်ဆောင်၌ ပြည်သူများ ဆန္ဒထုတ်ဖော်သည့် မြင်ကွင်း”ဆိုပြီး ဝါဒဖြန့် သတင်းအမှားကို ဓာတ်ပုံတွေနဲ့တကွ ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ဖြစ်စဉ်အမှန်ကတော့ ဒီဇင်ဘာ (၂၈) နံနက်ပိုင်းက အမေရိကန်သံရုံးရှေ့နဲ့ ကမ်းနားလမ်းရှိ ဗြိတိန်သံရုံးရှေ့တို့မှာ တပ်ထောက်ခံအချို့က ဆန္ဒဖော်ထုတ်ခဲ့တာသာ ဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသူများအား ထောက်ပံ့ကူညီမည့် (Burma Act) ပါဝင်သည့် အမျိုးသားကာကွယ်ရေးဥပ ဒေ (NDAA) ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီးနောက် တပ်ထောက်ခံသူ လူ ၂၀ လောက်က ရန်ကုန်ရှိ အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ရှေ့တွင် ကန့်ကွက်ဆန္ဒပြခြင်းဖြစ်တယ်လို့လည်း စိစစ်တွေ့ရှိရပါတယ်။

Myanmar now သတင်းဌာနမှာ ဖော်ပြထားတဲ သတင်းလင့်- https://bit.ly/3jLvoVH

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့”အမေရိကန်သံရုံးရှေ့၌ ပြည်သူများ ဆန္ဒထုတ်ဖော်သည့် မြင်ကွင်း” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.