မန္တလေး – ဇန်နဝါရီ(၃)

မန္တလေး သံဃသဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်အာစာရ(သပိတ်ခင်) ကို ဒီနေ့ ဇန်နဝါရီလ (၃) ရက်နေ့ နေ့လည်ပိုင်းက ကုသိုလ်တော်ဘုရားဘက်မှာ စစ်ကောင်စီက ဖမ်းဆီး သွားတယ်လို့ သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက သံလွင်တိုင်းမ်ကို မိန့်ကြားပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံလိုက်ရတဲ့ အရှင်အာစာရ(သပိတ်ခင်) ဟာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး ဘာရောဂါမှ မရှိတဲ့အတွက် ဖမ်းဆီးစစ်ကြောချိန်မှာ တခုခုဖြစ်လာရင် ဖမ်းဆီးထားသူတွေ တာဝန်ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက အခုလို ဖမ်းခံရတဲ့အပေါ် အထူး စိုးရိမ်းမကင်းဖြစ်ရတယ်၊ အထူးသဖြင့် အသက်အန္တရာယ်ပေါ့နော်၊ ဦးအာစာရအပါအဝင် ဖမ်းဆီးခံသံဃာတော်တွေ တစ်ခုခုဖြစ်ရင်တော့ စစ်ကောင်စီရဲ့ တာဝန်သာဖြစ်တယ်လို့ ပြောချင်ပါတယ်” လို့ သံဃသမဂ္ဂအဖွဲ့ဝင် အရှင် ဓမ္မမေတ္တာက သံလွင်တိုင်းမ် ကိုမိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး မြေပြင်သပိတ်အဖွဲ့ တစ်ဖွဲ့က ကလည်း အရှင်အာစာရ(သပိတ်ခင်) ဖမ်းဆီးခံရ ပြီးနောက် သက်ဆိုင်သူတွေနဲ့ နီးစပ်သူတွေ အမြန်ဆုံးရှောင်ကြဖို့ အသိပေးထားပါတယ်။

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ဦးအာစာရအပါအဝင် သံဃသမဂ္ဂ အဖွဲ့ဝင် ဆရာတော် (၈) ပါးအထိ ဖမ်းဆီးထားပြီး အဲဒီထဲက (၇) ပါးကို တဘက်သက် ထောင်ဒဏ်(၃) နှစ်စီချမှတ်ကာ ခုခံခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

စစ်အုပ်စုဟာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်မယ်လို့ ပြောဆိုတာတွေရှိပေမယ့် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရဟန်းသံဃာတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.