ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၂)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းမပေါ်၊ တောင်စွန်းကျေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်စခန်း ၂ ခုကို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာထဲမှာ ဒီဇင်ဘာ(၃၁)ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ဒီကနေ့ ဇန်နဝါရီ(၂)ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ ဒီကနေ့ ဇန်နဝါရီ(၂)ရက်နေ့ မနက်(၃)နာရီအချိန်အထိ BGF စခန်း(၃)ခုထဲက (၂)ခုကို လတ်တလောမှာ သိမ်းပိုက်ထားပြီး စစ်ကောင်စီလက်အောက်ခံတပ်တွေ အထိအခိုက်အကျအဆုံးများသလို Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲမဟာမိတ်ပူးပေါင်းအဖွဲ့က ရဲဘော်စုစုပေါင်း(၆)ဦး ကျဆုံးခဲ့တယ်လို့ အဲဒီဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
တောင်စွန်းတိုက်ပွဲမှာ အထိနာနေလို့ စစ်ကောင်စီတပ်ဘက်က နေ့စဉ်ရက်ဆက် လေကြောင်းပစ်ကူ အကြိမ်(၂၀)နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံရွာသားတချို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံရွာသား(၃၀၀၀)ကျော် စစ်ဘေးရှောင်နေရကာ ခက်ခဲမှုတွေကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းအမြောက်အများ အသုံးပြုတိုက်ပွဲဝင်နေကာ စစ်ကောင်စီရဲ့ လေကြောင်းစစ်ကူတွေကြားထဲကနေ အောင်ပွဲဆင်သွားမယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်း ဗျူဟာမှူးစောအယ်စေးဝါးက ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ အခုနှစ် (၂၀၂၃) တစ်နှစ်တာလုံးအတွင်း အပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေငြာ ထားရှိပေမယ့် လတ်တလောမှာ KNU တပ်မဟာ(၆) ဝင်ရေးမြို့နယ်အပါအဝင် ကော့ကရိတ်နဲ့ အခြားဒေသတွေမှာ ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာမီးရှို့မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။
သတင်း – သံလွင်တိုင်းမ်