ဖာပွန်၊ ဒီဇင်ဘာ(၃)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ (၁၀)ရက်အတွင်း အမြန်ဆုံးနှုတ်ထွက်စွန့်ခွာကြဖို့၊ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဘယ်သူမဆိုပူးပေါင်းပါဝင်ပတ်သက်မှု လုံးဝမရှိစေဖို့ တပ်မဟာ(၅) က နောက်ဆုံးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅) သတ်မှတ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်၊ ကမမောင်းမြို့နဲ့ ရပ်ကွက်ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီအဖွဲ့နဲ့ မပူးပေါင်းဖို့၊ ဌာနဆိုင် ရာဝန်ထမ်းတွေ အားလုံး နှုတ်ထွက်ထွက်ခွာသွားဖို့ အမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို တပ်မဟာ(၅)က ဇန်နဝါရီ လ(၁)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ တပ်မဟာ(၅)နယ်မြေဒေသအတွင်းရှိ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရာထူးတာဝန်ကနေ စွန့်ခွာထွက်ခွာပြီး စစ်အာဏာရှင်အုပ်စု စစ်ကောင်စီအဖွဲ့ကို ထောက်ခံအားပေး အသိအမှတ်ပြုစေမယ့် လုပ်ရပ်မှန်သမျှ မပြုလုပ်ကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးအနေနဲ့ အခုလဇန်နဝါရီ(၁)ရက်နေ့ကနေ (၁၀)ရက်နေ့အတွင်း ထွက်ခွာဖို့ပါရှိပါတယ်။

ဖာပွန်ခရိုင်အတွင်းရှိ ဖာပွန်၊ ကမမောင်းမြို့နဲ့ ဆက်စပ်တဲ့ရပ်ကွက်၊ ကျေးရွာအုပ်စုတွေဟာ KNLA တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းမှာ တည်ရှိတာဖြစ်ပြီး စစ်ကောင်စီက လာရောက်ကျူးကျော်ကာ စစ်ရေးနဲ့ အုပ်ချုပ်ရေးတည်ဆောက်ပြီး စိုးမိုးကြီးစိုးနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် (၂၀၂၃)ခုနှစ် စစ်ကောင်စီက ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲတွင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ ဘယ်သူမဆို စစ်ကောင်စီအဖွဲ့နဲ့ လုံး၀ပူးပေါင်းပါဝင်ပတ်သက်မှု မပြုဖို့ တပ်မဟာ(၅)ရဲ့ သတိပေးထုတ် ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ထုတ်ပြန်ချက်ကို လေးစားကြဖို့နဲ့ မလေးစားမလိုက်နာပါက မိမိတို့ အရေးယူနိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အရေးမယူနိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် နောက်ဆက် တွဲဖြစ်ပေါ်လာမယ့် အကျိုးဆက်နဲ့ပတ်သက်ပြီး သူတို့အပေါ်သာ မူတည်လိမ့်မယ်လို့ တပ်မဟာ(၅)က ဆိုထားပါတယ်။

KNLA တပ်မဟာ(၅)လိုပဲ တပ်မဟာ(၂)တောင်ငူခရိုင်ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြတ် ပြတ်သားသားဆန့်ကျင်ပြီး ပါဝင်မပတ်သက်ဖို့နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွားမှန်သမျှကို ဆန့်ကျင်သပိတ် မှောက်ဖို့လိုအပ်တယ်လို့ နယ်မြေခံလူထုတွေအပေါ် အသိပေးထုတ်ပြန်ထားရှိပါတယ်။

လက်ရှိမှာလည်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ထားတဲ့ တိုက်ပွဲလချုပ်စာရင်းအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.