မော်လမြိုင်၊ ဇန်နဝါရီ၊ (၃)

လီဗာပူးလ်အသင်းဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၉) မှာ ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်တဲ့ နည်းပြ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဆာလတ်၊ ဗန်ဒိုက်အပါအဝင် အဓိက ကစားသမားအများစုနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်အသင်းကို ရှုံးပေးလိုက်ရပါတယ်။

ဒီပွဲမှာ လီဗာပူးလ်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေဟာ အကျပိုင်းမှာ ရှိနေခဲ့သလို တိုက်စစ်မှူး ဒါဝင်နူနက်ကလည်း အသင်းနဲ့ အံမဝင်သေးတဲ့ အခြေအနေမှာပဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းရဲ့ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၉ မိနစ်မှာ ကိုနာတေးက ကိုယ့်ဂိုးကိုယ်၊ ပွဲချိန် ၄၂ မိနစ်မှာ ဝစ်ဆာ၊ ပွဲချိန် ၈၄ မိနစ်မှာ အမ်ဘူမိုတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ဒီရာသီမှာ ပထမဆုံး ပွဲထွက်ခွင့် ရရှိခဲ့တဲ့ တိုက်စစ်ကစားသမား ချန်ဘာလိန်က ပွဲချိန် မိနစ် ၅၀ မှာ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

နည်းပြ သောမတ်ဖရန့်ရဲ့ ဘရန့်ဖို့ဒ်အသင်းကတော့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့သလို လီဗာပူးလ်အသင်းကတော့ အဆင့် ၆ နေရာမှာပဲ ဆက်ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.