မော်လမြိုင်၊ ဒီဇင်ဘာ(၃)

၂၀၂၃ ခုနှစ် နှစ်သစ်အစမှာ ပြည်တွင်းရွှေဈေးနှုန်းဟာ အရင်နှစ်ဈေးနှုန်းထက် ကျဆင်းခြင်းမရှိဘဲ အ မြင့်ဈေးဖြစ်တဲ့ ကျပ် ၂၇သိန်းကျော်နဲ့ ဈေးကွက်စဖွင့်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မီးလင်းအခေါက်ရွှေ (၁)ကျပ်သားကို ကျပ်(၂၆၈၀၀၀၀) ဝန်းကျင်သာရှိရာမှ ဇန်နဝါရီလ (၂)ရက်နေ့မှာတော့ ကျပ်(၂၇၁၀၀၀၀) ဝန်းကျင်နဲ့ ဈေးကွက်စဖွင့်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန် အနည်းငယ်ပြန်လည်မြင့်တက်လာမှုနဲ့အတူ ဒေါ်လာဈေး ပြန်လိုက်လာတာကြောင့် ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကမ္ဘာ့ရွှေဈေးနှုန်းတက်တယ်။ နောက်ပြည်တွင်းဒေါ်လာဈေးလည်း နည်းနည်းတက်လာတယ်။ ကမ္ဘာ့ဈေးနှုန်းက တောက်လျှောက်ကို ပြန်တက်နေတယ်။ ကမ္ဘာ့ဈေးကတော့ သူကဒေါ်လာ (၁၀၀) လောက် တက်လိုက်၊ ဒေါ်လာ (၁၀၀)လောက် ပြန်ကျသွားလိုက် ဈေးကစားတာကိုပဲ ကျွန်တော်တို့ကလိုက်ဖမ်းနေရတာပေါ့။ ဈေးကွက်မှာက အရောင်းအဝယ် မဖြစ်နေဘူး။ ဈေးနှုန်းပဲ တက်ကြတာ။ တစ်ပိုင်း၊ နှစ်ပိုင်းရောင်းရင်တောင် ညနေပိုင်းကျရင် ပိုက်ဆံက မနည်းပြန်လိုက်တောင်းနေရတယ်”လို့ ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း တစ်အောင်စကို ဒေါ်လာ (၁၇၉၀) ဝန်းကျင်ရှိရာကနေ လက်ရှိမှာတော့ ဒေါ်လာ (၁၈၂၃) ဝန်းကျင်ထိ ဈေးနှုန်းအနည်းငယ် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းတွေဟာဆိုရင်လည်း ပြီးခဲ့တဲ့ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း တစ်ဒေါ်လာကို ကျပ် (၂၈၀၀) ဝန်းကျင်ရှိရာမှ ဒီနေ့မှာတော့ ကျပ် (၂၈၅၀) ဝန်းကျင်ထိ ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာခဲ့တာပါ။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်ရတာဟာ မြန်မာ့ရွှေဈေးမြင့်ရင် ပြည်ပကရွှေတွေဝင်ရောက်နိုင်သလို မြန်မာ့ရွှေဈေးနိမ့်ပါက ရွှေတွေပြည်ပကို ထွက်သွားနိုင်တာကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ဒေါ်လာဈေးအပေါ်မှာမူတည်ပြီး သတ်မှတ်ရတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ ကမ္ဘာ့ရွှေဈေးရယ်၊ ဒေါ်လာဈေးရယ်အပေါ်မှာ မူတည်ပြီးတော့ဘဲ မြန်မာ့ရွှေဈေးက အတက်အကျဖြစ်တာကို။ ရွှေဈေးကတော့ ဒေါ်လာဈေးကျရင် လိုက်ချရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာ့ရွှေဈေးက မြင့်နေခဲ့တယ်ဆိုရင် နိုင်ငံခြားက ရွှေတွေကဝင်လာမှာကို။ ရွှေကျတော့ တစ်ကမ္ဘာလုံးရဲ့ Standard အရ မြန်မာ့ရွှေဈေးက နိမ့်လို့ရှိရင် ကိုယ့်ရွှေတွေက နိုင်ငံခြားကိုထွက်သွားမှာဘဲ။ အဲဒီတော့ ရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးရယ်၊ ဒေါ်လာဈေးရယ် အပေါ်မှာမူတည်ပြီးတော့ဘဲ သတ်မှတ်ရမှာ”လို့ ဆိုပါတယ်။

လက်ရှိနှစ်သစ်အစမှာပဲ ပြည်တွင်းရွှေဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရင်လိုဝယ်ယူစုဆောင်းသူ မရှိသလောက်နည်းလာသလို အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ပြည်တွင်းရွှေဈေးနှုန်းတွေကျဆင်းစေဖို့အတွက်ဆိုပြီး ရွှေဒင်္ဂါးတွေကို အလေးချိန် အလိုက် တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သားဆိုပြီး ရောင်းချပေးနေပေမယ့် ပြင်ပပေါက်ဈေး အတိုင်း ရောင်းချနေတာကြောင့် ထင်သလောက် ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ နောက်ဆုံးပတ်က ဒေါ်လာဈေးနှုန်း အဆမတန်မြင့်တက်ပြီး တစ်ဒေါ်လာကို ကျပ်(၄၅၀၀) ဝန်းကျင်ထိ ဖြစ်ပေါ်ခဲ့သလို ပြည်တွင်းရွှေဈေးနှုန်းကလည်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၃၅)သိန်း ဝန်းကျင်ထိ စံချိန်တင်မြင့်တက်ခဲ့ဖူးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်တွင်းရွှေဈေးနှုန်းတွေဟာ NLD အစိုးရလက်ထက်တုန်းက မီးလင်းအခေါက် ရွှေ တစ်ကျပ်သားကို ကျပ်(၁၃)သိန်းဝန်းကျင်သာရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဈေ းနှုန်း(၃)ဆနီးပါးထိ မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.