ရသေ့တောင် – ဇန်နဝါရီ(၃)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ် ရေးမှူးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ရက္ခိုင့်တပ်တော် AA က ခေါ်ပြောခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂) ရက်နေ့က ULA နယ်မြေရုံးမှာ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး (၁၀၀) ကျော်နဲ့ အစည်းအဝေးပြုလုပ်ပြီး ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ပြောခဲ့တာလို့ သိရပါတယ်။

“ ရွာထဲမှာ အုပ်ချုပ်ရေးမှူးတွေ မရရှိရင် ရွာသားတွေ အတွက် ထောက်ခံစာနဲ့ မှတ်ပုံတင်တွေ လုပ်ဖို့ အခက်အခဲဖြစ်နေတဲ့အတွက် အုပ်ချုပ်ရေးမှူးဆက်လုပ်ဖို့ ပြာခဲ့တာ” လို့ အုပ်ချုပ်ရေးမှူး တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အခုချိန်ဟာ နှစ်ဘက်တိုက်ပွဲတွေ မရှိတဲ့အတွက် အုပ်ချုပ်ရေးမှူးလုပ်လို့ အဆင်ပြေ ပေမယ့် နှစ်ဘက်တိုက်ပွဲတွေ ပြန်ဖြစ်လာရင် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သူက ပြောပါသေးတယ်။

အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရက္ခိုင့် တပ်တော် ပြောခွင့်ရ ခိုင်သုခကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ရသေ့တောင်၊ပုဏ္ဏားကျွန်းနဲ့ မောင်တော မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး (၁၀၀) ကျော်နုတ်ထွက်ထားကြ တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.