ရန်ကုန် – ဇန်နဝါရီ(၃)

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ တိုးကြောင်ကလေး ဘူတာမှာ ရိုဟင်ဂျာ (၉) ဦးနဲ့ ပွဲစားတွေကို ဖမ်းဆီးခံလိုက်ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီပေးနေသူ ရိုနေဆန်းလွင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂) ရက်နေ့ မနက်ပိုင်းက အမျိုးသမီး(၂) ဦးအပါအဝင် ရိုဟင်ဂျာ (၉) ဦးတို့ဟာ ရန်ကုန်-မော်လမြိုင် အဆန်ရထား စီးဖို့ စောင့်နေချိန်ဖမ်းဆီးခံလိုက်ရတာပါ။

လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လှောင်အိမ် ထဲထည့်ပြီး ညှင်းပန်းနှိပ်စက်နေတဲ့ပုံစံလုပ်ဆောင်နေသလို အပြင်ကို ထွက်ပြေးရင် ပိုဆိုးမယ် လို့ ခြိမ်းခြောက်နေတဲ့ ပုံစံဖြစ်တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူက ဆိုပါတယ်။

“ဘူတာရုံမှာ သာမာန်သွားလာသူတွေကြားမှာ ဒီလို (၉)ယောက်ထဲ ရွေးဖမ်းခံရတယ်ဆိုတော့ အခြေအနေကို သိနေသူ/လေ့လာနေသူတွေက တိုင်ကြားလို့ ဖမ်းခံရတာ ဖြစ်ပါလိမ့်မယ်။ အခု အခြေအနေက ရိုဟင်ဂျာဆိုတာနဲ့ ဖမ်းပြီး ထောင်ချတယ်။ ထောင်ဒဏ်ကလည်း (၅) နှစ်ထိချ လာတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာအထိ ဖြစ်လာတယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရိုဟင်ဂျာတွေကို အရင်ကထက်ပိုပြီး ပစ်မှတ်ထားဖမ်းဆီးလာတာ တွေလုပ်ဆောင်နေသလို ရခိုင်ပြည်နယ်အတွင်းမှာ ဒုက္ခခံနေရလို့ ထွက်ပြေးရင်လည်း ဖမ်းဆီး ထောင်ချခံရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းတုန်းကလည်း လှည်းကူးမြို့နယ် ဘားလားကျေးရွာက တပင်ရွှေ ထီးလမ်းမမှာ ရိုက်နှက်နှိပ်စက်ခံရပြီး သတ်ဖြတ်ခံထားရတဲ့ ရိုဟင်ဂျာ အမျိုးသား (၁၃) ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိထားပါတယ်။

“ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာရရှိခဲ့တော့ အခုလည်း ပြစ်ဒဏ်လာဖို့ မရှိဘူးလို့ ယုံကြည်နေလို့ ပိုပြီးရဲရဲတင်းတင်းဖြစ်လာတာပါ။ ကျွန်တော်တို့ အနေနဲ့ ဒီစစ်တပ်ကို ပြစ်ဒဏ်ပေးနိုင်ဖို့ ဖြစ်လာအောင် လုပ်နိုင်မှ အခုလို ဖိနှိပ်ခံဘဝက ရုန်းထွက်နိုင်လိမ့်မယ်” လို့ ရိုနေဆန်းလွင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ရန်ကုန်မြို့မှာ ရိုဟင်ဂျာလူမျိုးတွေမကြာခဏ ဖမ်းဆီးခံနေရပြီး စစ်ကောင်စီက မတရားတဲ့ ပုဒ်မ တွေနဲ့ ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.