မော်လမြိုင် – ဇန်နဝါရီ(၂)

အာဏာသိမ်းစစ်ကောင်စီက ပြည်သူပိုင်နေအိမ် ၄၁၀၀၀ ကျော်ကို ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ NUG မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို ကျူးလွန်တဲ့ မီးရှို့ဖျက်ဆီးတဲ့ အမှုပေါင်း (၁၀၅၈) မှုမှာ လူနေအိမ် (၄၁၃၅၅) လုံးကျော်ပျက်စီးခဲ့တယ်လို့ ဆိုထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာန မီးသတ်ဦးစီးဌာနက လွတ်လပ်တဲ့ မီဒီယာတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ပေးပို့ လာတဲ့ အခက်အလက် တွေကို စီစစ်ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထုတ်ပြန်ထားတဲ့ စာရင်းဟာ သတင်းပေးပို့မှုတွေကို အခြေခံထားတာဖြစ်ပြီး မြေပြင်မှာ ဖျက်ဆီးခံရတဲ့ အခြေအနေပိုများနိုင်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ တစ်နှစ် အတွင်း ကျူးလွန်ခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုတွေမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် (၃၁၄၀၀) လုံးကျော်၊ မကွေးတိုင်းမှာ (၈၅၀၀) ကျော်၊မန္တလေးတိုင်းမှာ (၄၈၀) ကျော်၊ကချင်ပြည်နယ်မှာ(၂၅၀) ကျော်၊ချင်းပြည်နယ်မှာ(၂၅၀)ကျော်၊ကယားပြည်နယ်မှာ (၁၂၀) ကျော်၊ကရင်ပြည်နယ်မှာ(၁၂၀) ကျော်၊တနင်္သာရီတိုင်းမှာ(၈၅)လုံးကျော်၊ ပဲခူးတိုင်းမှာ (၆၅) လုံးကျော်၊ရှမ်းပြည်နယ်မှာ (၆၀) ကျော်၊ရခိုင်ပြည်နယ်မှာ(၄၃)လုံးကျော်နဲ့ မွန်ပြည်နယ်မှာ (၂၅) လုံးကကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မီးသတ်ဦးစီးဌာနမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိလဲ စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ နေ့စဉ်လိုလိုစစ်ကြောင်း ထိုး နေပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊တန်ဖိုးရှိပစ္စည်းတွေကို လုယူတာတွေနဲ့ တိရိစ္ဆာန် တွေကို သတ်ဖြတ်စားသောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.