ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံ ကိုစံနဲ့ ဆက်သွယ်မေးမြန်းချက်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)ဟာ ဒီဇင်ဘာလအတွင်းမှာ တနင်္သာတိုင်း၊ ပုလောမြို့ နယ်ထဲက ဒေသခံပြည်သူတွေကို လိုက်လံတွေ့ဆုံပြီး အုပ်ချုပ်ရေး၊လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းတွေအပေါ် ရှင်းလင်း ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့် ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရတဲ့အခြေအနေ၊ ပြည်သူတွေရဲ့ တင်ပြချက်တွေ၊ လတ်တလော စစ်ရေး အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန် ခံကိုစံနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ လတ်တလောကာလမှာ စစ်ကောင်စီတပ်နဲ့နှစ်ဖက် စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ရှိနေလဲ။

လတ်တလော စစ်ရေးအခြေအနေက နည်းနည်းလေး အေးနေတာပေါ့နော်။ စစ်ရေးအခြေအနေမှာ စစ်ရေး ပြောင်းလဲလာတာက သူတို့ဘက်ကနေ ထိုးစစ်ပုံစံမဟုတ်တော့ပဲနဲ့သူတို့က ခံစစ်ပုံစံပြောင်းလာတဲ့ ပုံစံမျိုး ရှိနေတယ် အခုနောက်ပိုင်းလေ။ သူတို့က ထိုးစစ်ပုံစံမသုံးတော့ပဲနဲ့ တစ်နေရာမှာ အတိအကျယူပြီးတော့ ကျွန်တော်တို့ လာတိုက်ချိန်စောင့်နေတဲ့ ပုံစံမျိုး၊ အဲဒီလိုစစ်ရေးအခြေအနေ ပြောင်းလဲလာတာ။ ဒီဇင်ဘာ၉ ရက်၊ ၁၀ရက်အချိန်တုန်းက ကျွန်တော်တို့ ပုလောမြို့ကိုသွားရောက်တ်တိုက်ခိုက်တာတွေ လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ဘက်ကနေ ဒီလိုထိုးစစ်တွေဆင်လာတဲ့အတွက်ကြောင့် သူတို့ဘက်ကနေ သုံးလာတာဖြစ်တယ်။

-စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုနဲ့ စစ်အင်အား ဖြည့်တင်းမှုတွေက ဘယ်လိုပုံစံမျိုးတွေနဲ့ လုပ်ဆောင် လာတာ တွေ့နေရလဲ။

စစ်အင်အားဖြည့်တင်းမှုတွေ အများကြီးလုပ်လာနေတယ်။ အရင်ကဆို ပလစခန်းမှာ ၃၀လောက်ပဲရှိတယ်။ အခုသူတို့ အင်အားထပ်ဖြည့်ထားတယ်။ လက်နက်ရော၊ ရိက္ခာရော၊ စစ်အင်အားရော သူတို့တပ်စွဲထားတဲ့ နေရာတွေမှာ ပုံမှန်ထက် တစ်ဝက်ကျော်အင်အားဖြည့်တင်းမှုတွေ လုပ်နေတယ်။ စစ်အင်အားဖြည့်တင်းမှုတွေ လက်နက်အင်အားဖြည့်တင်းမှုတွေ လုပ်နေတယ်။ သူတို့ စစ်အင်အားဖြည့်တင်းတဲ့အခါမှာ သူတို့က ကျွန်တော် တို့ဘက်မှာ ပင်လယ်ဖြစ်နေတဲ့အတွက်ကြောင့် ပင်လယ်ဘက်ကနေ လှေနဲ့ဝင်တာများတယ်။ စစ်ကြောင်းထိုး ပြီးဝင်တာတွေ မရှိဘူး။ ပုလောကို လှေနဲ့ဝင်တယ်။ စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်။ စစ်တပ် က စစ်အင်အားဖြည့်တင်းနေတာကြောင့် အခက်အခဲဘယ်လိုရှိလဲဆိုတော့ ကျွန်တော်တို့ သွားဖြန့်လို့မရတော့ဘူး။ ဒီလိုမျိုးရေကြောင်းရှိတဲ့ အတွက်ကြောင့်။ ကျွန်တော်တို့ကရေကြောင်းအထိ မသွားနိုင်သေးဘူး။ အဲဒီအခက် အခဲတစ်ခုတော့ ရှိတာပေါ့။

-ပြီးတော့ ဒီဇင်ဘာလထဲမှာ ပုလောမြို့နယ်ထဲက ဒေသခံပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံစဉ်တဲ့အခြေအနေ၊ ဒေသခံပြည်သူတွေက ဒီတွေ့ဆုံမှုအပေါ် ဘယ်လို သဘောထားရှိကြလဲ။

ပြည်သူတွေနဲ့ အဓိကက ကျွန်တော်တို့ သွားနိုင်တဲ့ ရွာအထိသွားတယ်။ ကျွန်တော်တို့ဘက်ကို ပိုပြီးတော့ ထောက်ခံမှုတွေ ရှိလာအောင် ပိုပြီးတော့စည်းရုံးတာပေါ့နော်။ ပြည်သူတွေကို စည်းရုံးတဲ့ စကားတွေ ပြောရ တယ်။ သူတို့ဖြစ်နေတဲ့ ပြဿနာလေးတွေ အခြေခံကျကျလေးတွေ ဒါတွေ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး တယ်။ အဲဒါတွေ လုပ်ခဲ့ပါတယ်။ ပြည်သူတွေဘက်ကနေလည်း တွေ့ဆုံချင်လို့ပါ၊ စကားပြောချင်လို့ပါ ဆိုပြီး ကျွန်တော်တို့ကို ဖိတ်ခေါ်တာတွေလည်း ရှိတယ်။ ပြည်သူတွေကအဲဒီလိုဖိတ်ခေါ်ရင်လည်း ကျွန်တော်တို့က သွားပြီးတော့ လာမယ့် ဖြစ်လာနိုင်တဲ့အခြေအနေတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်တာရှိတယ်။

ပြည်သူတွေက ပြောပြတဲ့အမှုတွေမှာ မြေကိစ္စရယ် အဓိက ပြဿနာကမူးယစ်ဆေးကိစ္စပေါ့။ သူတို့နေရာမှာ မူးယစ်ဆေးပြန့်နေပြီး မကောင်းဘူးပေါ့။ အဲဒါတွေကို ဘယ်လိုထိန်းချုပ်မလဲပေါ့။ ဒီမူးယစ်ဆေးနဲ့ ပတ်သက် တဲ့ကိစ္စတွေ အများဆုံးပေါ့။ တိုင်ပင်တာ များတယ်။ ကျန်တဲ့ဟာတွေ ပြည်သူတစ်ယောက်နေနဲ့ ကျွန်တော်တို့ PDF တွေကိုဘယ်လို နည်းလမ်းတွေနဲ့ ကူညီပေးရမလဲ ဆိုတာကို သူတို့က အဲဒီလို တင်ပြလာတော့ ကျွန်တော်တို့ဘက်က ပြန်ပြီးဆွေးနွေးလာတာတွေ ရှိတယ်။ ဒါပဲအဓိက များပါတယ်။

-ဒီနောက်ပိုင်း တနင်္သာတိုင်းထဲမှာ စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ဘယ်လိုပုံစံတွေနဲ့ ကျူးလွန် တာတွေ ရှိနေလဲ။

အရပ်သားတွေအပေါ် သူတို့က တိုက်ပွဲဖြစ်လာပြီဆိုရင် လူသားတံတိုင်းအဖြစ်အသုံးပြုတာပဲ။ ဖြစ်ပြီဆို သူတို့ က နီးတဲ့သူ ဆွဲဖမ်းတာ။ လူသားတံတိုင်းအနေနဲ့ အသုံးချတာ အများဆုံးလုပ်နေတာပေါ့ ။နောက်ပြီးတော့ အိမ်တွေမီးရှို့တာတွေ ဒါတွေလုပ်နေတယ်။ ပြီးတော့ တိုက်ပွဲဖြစ်ရင် မထင်ရင်မထင်သလို ပြည်သူတွေကို ပစ်သတ်တာတွေ ရှိတယ်။ လမ်းမှာ တွေ့ရင်လည်း ပစ်ချင်ပစ်ခဲ့တာပဲ။ အဆိုးဆုံးက လူသားတံတိုင်းအဖြစ် အရပ်သား၂၀၊ ၃၀အထိ ဖမ်းတာ လူသားတံတိုင်းအနေနဲ့ အသုံးချတာ။ ဒါတွေ အများဆုံး ကျူးလွန်နေ တာပေါ့။ ဒလန်တွေနဲ့ အဓိကလုပ်ဆောင်နေတာကြောင့် သူတို့ဖမ်းတာပေါ့။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လည်း PDF တွေကို ထောက်ပံ့နေပါတယ် PDF ပါဆိုပြီး အဲဒီလိုမျိုး လက်ညိုးထိုးပြီး ဖမ်းခိုင်းတာတွေ ရှိနေတယ်။

-တနင်္သာတိုင်းထဲက စစ်ရှောင်ပြည်သူတွေကရော လက်ရှိကာလမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။ သူတို့အတွက် ဘယ်လို အကူအညီတွေ လိုအပ်နေလဲ။

အဓိက စစ်ရှောင်တွေရဲ့ အခြေအနေက လောလောဆယ် သူတို့ပြန်လို့မရသေးဘူးဆိုတော့မိသားစုလိုက် ရှောင်နေကြတာ။ အဲဒီမှာ အဓိကက သူတို့ဘာတွေ လိုအပ်လဲဆိုတော့စားဝတ်နေရေးပဲ။ အလုပ်လည်း လုပ်မရဘူးလေ။ သူတို့က အဓိက စားဝတ်နေရေးမှာ အခက်အခဲရှိတာပေါ့။ စစ်ရှောင်စခန်းတွေကနေ လုပ်ဆောင်နေတာတော့ရှိတယ်။ အလှူငွေကောက်ခံ ပြီးတော့ ရိက္ခာတွေ ဝေမျှတာ ရှိတယ်။ မလောက်ဘူး လေ။

လူအများနဲ့ဆိုတော့ အလှူငွေနဲ့လူက မလောက်ဘူးဖြစ်နေတာ။ အဲဒီလိုမျိုး ရိက္ခာအခက်အခဲတွေ ရှိနေတာ။ ကျန်းမာရေးအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ PDFတွေက ကျန်းမာရေးစခန်းဖွင့်ထားတယ်။ ကျန်းမာ ရေးကို စောင့်ရှောက်မှု ပေးထားတာပေါ့နော်။ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မပေးနိုင်တာတောင်မှ ၈၀ရာခိုင်နှုန်းလောက်တော့ ကျွန်တော်တို့ ပေးတယ်။ ဒီလူသားချင်းစာနာမှုအနေနဲ့က အဓိကသူတို့ စိတ် ဓာတ်ပိုင်းဆိုင်ရာ ပျက်မသွားအောင် ကျွန်တော်တို့ လုပ်ဆောင်တာတွေ ပျော်ပွဲရွှင်ပွဲတွေ အများဆုံးလုပ်ဆောင် နေတယ်။ အဓိက လိုအပ်တာက စားနပ်ရိက္ခာတွေနဲ့ အဝတ်အစားပိုင်းပေါ့။ တချို့လည်း နီးစပ်ရာဆွေမျိုး အိမ်မှာ နေတယ်။ တချို့က စစ်ရှောင်စခန်းမှာ လာနေကြတယ်။

-မြိတ်ခရိုင်တပ်ရင်း(၁)အနေနဲ့ နွေဦးတော်လှန်ရေးမှာ ဘယ်လို သံဓိဌာန်တွေ ချမှတ်ထားတာ ရှိမလဲ။ ပြောပြ ပေးပါဦး။

ကျွန်တော်တို့က အဆုံးအထိ ချမှာပဲ။ ဒီတော်လှန်ရေး မပြီးမချင်းပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ် မရမချင်း အဆုံးအထိ သွားမယ်လို့တော့ ကျွန်တော်တို့က သံဓိဌာန်ချထားတယ်။

-နောက်ဆုံးအနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာသတင်းစကားပါးချင်သလဲ။

နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ပြောချင်တာက နောက်ဆုံးပွဲ ဖြစ်တဲ့အတွက်ကြောင့်လေ အပြည့်အဝ ပူးပေါင်းပါဝင်ကြဖို့ပေါ့။ ပြည်သူကမွေးထုတ်လိုက်တဲ့ ပြည်သူ့ဘက်တော်သားတွေနဲ့ အပြည့်အဝ ပူးပေါင်းပါဝင် ပေးကြဖို့ပေါ့ ။ ဒါပါပဲ ကျွန်တော် ပြောချင်တာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.