မော်လမြိုင် – ဇန်နဝါရီ(၂)

စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဖော်ဆောင်နိုင်မှ စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းသာယာသော ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုကို တည်ဆောင်နိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တို့က သဘောထားထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ(၁) ရက်နေ့က ထုတ်ပြန်တဲ့ NUCC နဲ့ NUG တို့အပါအဝင် အဖွဲ့ပေါင်း (၂၂) ဖွဲ့ရဲ့ ပြည်သူ့တော်လှန်ရေး ဆိုင်ရာ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာစာတမ်းမှာ ဖော်ပြထားတာပါ။

မြန်မာနွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးရဲ့ ထောက်ခံပါဝင်မှုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖယ်ရှားပြီး အနှစ်(၇၀) ကျော်နေပြီဖြစ်တဲ့ နိုင်ငံရေးပြဿနာကို အပြီးတိုင် ဖြေရှင်ဖို့ ကြိုးပမ်းနေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုင်းရင်းသားပြည်သူ တရပ်လုံး မျှော်မှန်းနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုမှာ မဟာ လူမျိုးကြီးဝါဒတွေကို ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးတွေ၊ ပြည်နယ် ဖက်ဒရယ် ယူနစ်တွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို အပြည့် အဝအာမခံတဲ့ ဒီမိုကရေစီ စံနှုန်း တွေနဲ့အညီ ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်မှာ နိုင်ငံရေးပါဝင်ပတ်သက်မှု လုံးဝ ကင်းရှင်းပြီး နိုင်ငံကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်မယ့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ကိုသာ တည်ထောင်မှာဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပြီးနောက် ပြည်သူတွေထောက်ခံတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အသွင်ကူးပြောင်းရေးကာလ အစီအမံအရ အသွင် ကူးပြောင်းရေး ကာလဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင် ရေး အာဏာတွေကို စနစ်တကျ ခွဲဝေကျင့်သုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရင်းသား ပြည်သူတွေအပေါ် ကျူးလွန်တဲ့ မတရားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့၊ တရားမျှတမှုရရှိဖို့၊ ကျူးလွန်သူ တွေအနေနဲ့ အပြစ်အတွက် တာဝန်ခံမှုရှိဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဥပဒေအရပ်ရပ် ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေတဲ့ စစ်အုပ်စုရဲ့ ထွက်ပေါက်အဖြစ် အသုံးချမယ့် ရွေးကောက်ပွဲ ကို လုံးဝ လက်ခံမှာမဟုတ်သလို စစ်ကောင်စီနဲ့ ထိုက်တန်မှုမရှိတဲ့ အသုံးအနှုန်းဖြစ်တယ်လို့ ဆိုထား ပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် သမိုင်းဝင် တော်လှန်ရေးမှာ ပါဝင်ပူးပေါင်းကြဖို့လည်း တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.