ဝါရှင်တန် – ဒီဇင်ဘာ(၂၉)
ကုလသမဂ္ဂရဲ့နှစ်ကုန်ပိုင်း အစီရင်ခံစာအရ အိုးအိမ်စွန့်ခွာထွက်ပြေးသူ အနည်းဆုံး သန်း(၁၀၀) ရှိခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က သန်း(၉၀) ထက်ပိုမိုများပြားခဲ့ပြီး ဒီဖြစ်စဉ်တွေဟာ ဘယ်တော့ မှမရှိသင့်တဲ့ မှတ်တမ်းတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးရတာတွေဟာ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ကြာရှည်တဲ့ ပဋိပက္ခတွေကြောင့် ဖြစ်ပြီး မြန်မာ၊ယူကရိန်း၊အာဖဂန်နစ္စတန်၊အီသီယိုးပီးယား၊ဘာကီနာဖာဆို နဲ့ ဆီးရီးယား တို့ အပါအဝင် ကမ္ဘာ့နေရာ အများအပြားက ရွှေ့ပြောင်းနေထိုင်မှုတွေရဲ့ အဓိက အချက်တွေ ဖြစ်တယ်လို့ ဆိုထားတာပါ။
ဒီစာရင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းရွှေ့ပြောင်းမှုတွေကို ထည့်သွင်းထားတာမရှိဘဲ ၂၀၂၂ ခုနှစ် နွေရာသီမှာ မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် ပါကစ္စတန် တစ်နိုင်ငံတည်း လူသန်း(၃၀) ထက်မနည်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒီကပ်ဘေးကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူတွေကိုတော့ ဒုက္ခသည်အဖြစ် မသတ်မှတ်ထားသလို အစီရင်ခံစာမှာလည်း ထည့်သွင်းထားတာမရှိပါဘူး။
“သန်းတစ်ရာဟာ ပြင်းထန်တဲ့ ကိန်းဂဏန်းဖြစ်တယ်၊ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးထားပြီး ဒါဟာ ဘယ်တော့မှ မသတ်မှတ်သင့်တဲ့ မှတ်တမ်းတစ်ခုပါ” လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက အစီရင်ခံစာမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာဟာ လူကုန်ကူးသူတွေလက်ထဲ သူတို့ရဲ့ အသက်ကို အပ်ထားပြီး မြေထဲပင်လယ်ကိုဖြတ်ကာ အန္တရာယ်ရှိတဲ့ ခရီးကို ဖြတ်သန်းသွား လာနေရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“ထိခိုက်ပျက်စီးစေတဲ့ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တားဆီးရန် နှိုးဆော်မှုတစ်ခုအဖြစ် လုပ်ဆောင်ရမှာဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှု အဆုံးသတ်ရန်နှင့် အပြစ်မဲ့ပြည်သူများကို ၎င်းတို့၏ နေအိမ်များမှစွန့်ခွာထွက်ပြေးဖို့ တွန်းအားပေးနေတဲ့ အရင်းခံအကြောင်းတရားများကို ဖြေရှင်းဖို့ နိုးဆော်မှုတစ်ခုအဖြစ် ဆောင်ရွက်ရမယ်” လို့ မဟာမင်းကြီး မစ္စတာ ဂရန်ဒီက ဆိုခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်မှာ မြေထဲပင်လယ်နဲ့ အတ္တလန်တိတ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းချိန်မှာ လူ(၃၀၀၀) ကျော်သေဆုံးခဲ့ရပြီး အများစုမှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံ သားတွေဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတကာ ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ SOS Children Villages ရဲ့ အစီရင်ခံစာမှာတော့ ကလေးငယ် တွေဟာ ဒုက္ခသည်အရေအတွက်ရဲ့ ထက်ဝက်ကျော်ရှိပြီး လူကုန်ကူးမှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အန္တရာယ်တွေကြားရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ကုလအစီရင်ခံစာမှာ ယီမင်၊ဆီးရီးယား၊မြန်မာနဲ့ ယူကရိန်းတို့လို အဓမ္မ ရွှေ့ပြောင်းခံရတဲ့ ပဋိပက္ခ ဇုန်တွေကို ဖော်ထုတ်ခဲ့တဲ့အပြင် ယူကရိန်းနိုင်ငံသားတွေကို လက်ခံဖို့ ရှိနေတဲ့ ဥရောပနိုင်ငံတွေကို ချီးကျူမှုတွေလဲ လုပ်ဆောင်ခဲ့ပါသေးတယ်။
ကမ္ဘာတစ်ဝှမ်းက စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးနေရတဲ့ လူမည်းတွေ အပါအဝင် တစ်ခြား သူတွေကိုလည်း ယူကရိန်းဒုက္ခသည်တွေ လို တူညီတဲ့ ဆက်ဆံမှုတွေ မခံရဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
ကုလအစီရင်ခံစာမှာ ကမ္ဘာတစ်ဝှမ်းက အစိုးရတွေက ကူညီနိုင်တဲ့ အခြေအနေတွေကို ဖော်ပြထားပြီး ၂၀၂၂ ခုနှစ်မှာ စစ်ပွဲ၊အကြိမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူတွေအတွက် ဒေါ်လာ ၁.၁၃ ဘီလျံ ပေးအပ်ဖို့ ကတိပေးထားပါတယ်။