နေပြည်တော်၊ ဒီဇင်ဘာ (၂၉)

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီကနေ ဖိတ်ခေါ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့တို့က နေပြည်တော်မှာ တက်ရောက်ဆွေးနွေးနေပါတယ်အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အစီအစဉ်တွေကို အသေးစိတ်ညှိနှိုင်းပြီး ဆွေးနွေးကြမယ့် အစီအစဉ် ၈ ရပ်ကို သဘောတူအတည်ပြုခဲ့ကြတယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာပါ။

တက်ရောက်ဆွေးနွေးကြတဲ့ အပစ်ရပ် ၅ ဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ်စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူးတို့ ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) က EAOs အပစ်ရပ် ၇ ဖွဲ့ကို တစ်ဖွဲ့ချင်းစီလိပ်မူပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့EAOs တွေဘက်က ပြင်ဆင်ချင်တဲ့ အချက်အလက်တွေကို ဆွေးနွေးဖို့ဖိတ်ကြားခဲ့တာပါ။

ဖိတ်ကြားစာအရ လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖွဲ့စည်းပုံအပြင် တခြားသော အကြောင်းအရာတွေကိုလည်း ဆွေးနွေးမှာဖြစ်တဲ့အတွက် အပစ်ရပ် ၇ ဖွဲ့ရဲ့ တစ်ဖွဲ့ချင်းစီက ခေါင်း ဆောင်တွေအပါအဝင် ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ပေးဖို့ ကမ်းလှမ်းထားပါတယ်။

ဒီအပေါ်မှာ အပစ်ရပ် ၇ ဖွဲ့ ကနေ ဒီဇင်ဘာ ၂၃ ရက်နေ့က အစည်းအဝေးထိုင်ပြီး နှစ်ဘက်စလုံးပိုင်ဆိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ အလွတ်သဘောဆွေးနွေးပွဲကနေ စတင်ဖန်တီးဖို့လိုတဲ့အတွက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီဖိတ်ကြားမှုကို ငြင်းပယ်ကြောင်း အကြောင်းပြန်ခဲ့တာပါ။

ဒါပေမယ့် အခုအခါမှာတော့ အပစ်ရပ် ၅ ဖွဲ့ဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတာ ဖြစ်ပါတယ်။

အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ အပစ်ရပ် ၅ ဖွဲ့ဟာ တစ်ဖွဲ့ချင်းစီရဲ့ သဘောထားဆန္ဒနဲ့ တက်ရောက်ကြတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ EAO ၇ဖွဲ့အနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ပူးပေါင်းဆောင် ရွက်မှုတွေရှိသလို မိမိတို့တစ်ဖွဲ့ချင်းစီမှာရှိတဲ့ ထူးခြားမှုအရလည်းပဲ တစ်ဖွဲ့ချင်းစီနဲ့သက်ဆိုင်တဲ့ အ ကြောင်းအရာကိစ္စရပ်တွေအပေါ်မှာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် လုပ်ဆောင်ပိုင်ခွင့် အခင်းအ ကျင်းကရှိနေတော့ အခုဖြစ်ပေါ်နေတဲ့ အခင်းအကျင်းအရက အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီရဲ့ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ ဆောင်ရွက်တဲ့အခင်းအကျင်းဖြစ်တယ်လို့ ကျွန်တော်နားလည်ပါတယ်” လို့ သူကဆိုပါတယ်။

အပစ်ရပ် ၇ ဖွဲ့ထဲမှာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှစ်ကြိမ်တိတိ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကတော့ ဒီတစ်ကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ တက်ရောက်လာခြင်း မရှိပါဘူး။

သံလွင်တိုင်းမ်အနေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဘက်က ပြောခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်ကတော့ ဖွဲ့စည်းပုံဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်ဖြစ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း EAO တွေနဲ့ တည်ဆောက်လို့မရဘဲအားလုံးနဲ့ ဆွေးနွေးဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“အခုကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့အဖွဲ့က အရင် ၇ ဖွဲ့နဲ့ တွေ့တယ်။ အခုက ၅ ဖွဲ့နဲ့ တွေ့တယ်ဆိုတော့ ဒါသူတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုက တိုးတက်မှုရှိ၊ မရှိဆိုတာ အင်မတန်သိသာတဲ့အချက်တစ်ချက်လို့ ပြောချင်ပါတယ်။ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်ပါ ကျွန်တော်တို့ EAO တွေနဲ့ တည်ဆောက်လို့ မရပါဘူး။ တစ်တိုင်းပြည်လုံးနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် အားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်၊ လိုလားချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သော ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ရမယ်ဆိုပြီး အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့အပစ်ရပ်စာချုပ် NCA ချုပ်ဆိုခြင်း (၇) နှစ်ပြည့် မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ကိုင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ စစ်တပ်အာဏာတည်မြဲရေးသာဖြစ်တဲ့အတွက် အယုံအကြည်မရှိသလို လက်ခံနိုင်စရာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ လာမယ့်ရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ကျမှသာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တရားဝင်ဖြစ်မယ့်လမ်းကြောင်းကို ဆွဲခေါ်သွားတဲ့အတွက် ဒီအချိန်မှာရသမျှကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲက သူတို့အတွက် တကယ့်ကို အရေးကြီးနေတယ်။ နိုင်ငံရေးအားဖြင့် အကျပ်အတည်းထဲက ထွက်ပေါက်တစ်ခုအဖြစ် သူတို့ ရှုမြင်ကြတဲ့အခါမှာ ဒီရွေးကောက်ပွဲအောင်မြင်ဖို့ အဘက်ဘက်ကို စည်းရုံးတာပေါ့။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး EAO တွေက ဘာတွေလိုလားတယ်၊ ဘာတွေပြောချင် တာလဲ။ အရင်ကတည်းက တစ်ကြိမ်၊ နှစ်ကြိမ်ခေါ်တွေ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ ညှိနှိုင်းတဲ့အခါ ညှိနှိုင်းချက်တွေကို လာမယ့်ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်လာမှပဲ ဖွဲ့စည်းပုံပြင်ဆင်ရမယ့် လမ်းကြောင်းကို ဆွဲခေါ်သွားတာပေါ့။ ဒီအချိန်မှာတော့ သူ့အနေနဲ့ အဘက်ဘက်ကို စည်းရုံးပါလိမ့်မယ်။ ပါတီနိုင်ငံရေးအဖွဲ့အစည်းတွေကိုလည်း စည်းရုံးပါလိမ့်မယ်။ အဓိက သူတို့သွားမယ့် ရွေး ကောက်ပွဲအခင်းအကျင်းမှာ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံးပါဝင်တယ်ဆိုတဲ့ ပုံရိပ်ကိုလိုချင်တဲ့အတွက် ကြိုးစားနေခြင်းဖြစ်တယ်လို့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေကို ယေဘုယျသဘောတူညီချက်တွေ ရပြီဆိုရင် တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း စစ်ကောင်စီက စည်းရုံးသိမ်းသွင်းချပြဖို့ အခွင့်အရေးရရှိမယ်လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

အခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် စတင်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ EAO ၇ ဖွဲ့နဲ့ မထိုးထားတဲ့ EAO ၃ ဖွဲ့ စုစုပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ၁၀ ဖွဲ့တို့က ၂ ကြိမ်တိတိ ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာနှောင်းပိုင်းမှာတော့ အပစ်ရပ် EAO ၅ ဖွဲ့က တတိယအကြိမ်တက်ရောက်ဆွေးနွေးနေကြတာပါ။

အပစ်ရပ် ၅ ဖွဲ့ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာနဲ့ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းတို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.