တနင်္သာရီ၊ ဒီဇင်ဘာ (၂၅)

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် ဒီဇင်ဘာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာပြီး တစ်ပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ လောင်းလုံး၊ ပုလော၊ထားဝယ်နဲ့တနင်္သာရီမြို့နယ်တို့မှာ အရပ်သား ၉ ဦး သေဆုံးပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

အရပ်သားပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ စစ် ကြောင်းထိုးလာစဉ် ဖမ်းဆီးသတ်ဖြတ်တာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ပစ်ခတ်ဖမ်းဆီးတာ၊ တော်လှန် ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းမှုတွေကြောင့် ထိခိုက်သေဆုံးနေရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ အရပ်သားပြည်သူတွေဟာ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးနေတာ ဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီပြန်ကြားရေး တာဝန်ရှိသူတွေက ပြောပါတယ်။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၂ လတာကာလအတွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၃၁၇ ဦး သေဆုံးထားတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အရပ်သားသေဆုံးသူတွေထဲမှာ ရာခိုင်နှုန်းအနေနဲ့ အမျိုးသား ၇၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၅ ရာခိုင်နှုန်းနဲ့ ကျန် ၇ ရာခိုင်နှုန်းဟာ ကျား/မ ခွဲခြားဖို့ ခက်တဲ့အခြေအနေထိ ဆိုးရွားစွာသတ်ဖြတ်ခံထားရတယ်လို့ Southern Monitor က ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှု ၂၆၄၀ အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.