မော်စကို၊ ဒီဇင်ဘာ(၂၄)
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုပြီး ဒီလိုအဆုံးသတ်ရာမှာလည်း သံတမန် နည်းလမ်းအရ ဖြေရှင်းမှုတွေ မလွဲမသေပါဝင်လာမှာဖြစ်တယ်လို့ ဒီဇင်ဘာ(၂၂)ရက်နေ့က ပြောကြားလိုက် ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံတွေ့ဆုံပြီး တစ်ရက်အကြာမှာပဲ ပူတင်က ဒီလိုပြောဆိုလာတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ စစ်ရေးပဋိပက္ခတွေကို လှည့်စားဖို့မဟုတ်ပဲ ဆန့်ကျင်ဘက်အနေနဲ့ ဒီစစ်ပွဲတွေကို အဆုံးသတ်ဖို့ဖြစ်ပါတယ်” လို့ ပူတင်က ပြောကြားခဲ့တာပါ။
“ဒါ(စစ်ပွဲ)ကို အဆုံးသတ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ၊ ပိုကောင်းအောင်ဆောင်ရွက်မှာ ဟုတ်ပါတယ်” လို့လည်း ပြောကြားခဲ့ပါသေးတယ်။
ရုရှားသမ္မတပူတင်အနေနဲ့ ဖေဖော်ဝါရီ၂၄ရက်နေ့ကတည်းက ယူကရိန်းကို တပ်တွေစေလွှတ်ခဲ့ချိန်ကစလို့ စစ်ပွဲ အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းဖို့တွေ ဆန္ဒရှိတဲ့အရိပ်အယောင်တောင်မတွေ့ခဲ့ရဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့် ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
“တော်တော်တော့ ဆန့်ကျင်ဘက်ပါပဲ” လို့ ကာဘီက အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက် တွေကို ပြောကြားခဲ့တာပါ။
“သူ (ပူတင်)က မြေပြင်မှာ လုပ်နေသမျှဟာ ယူကရိန်းပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကိုပဲ ဆက်လုပ် ချင်နေတဲ့သူဖြစ်တယ်” လို့လည်း ပြောကြားခဲ့တာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်းဒန်အနေနဲ့လည်း ပူတင်နဲ့ ဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်း၊ အမေရိကန်အနေ နဲ့ မဟာမိတ်တွေနဲ့ ယူကရိန်းကို ညှိနှိုင်းပြီးလောက်မှသာ ဆွေးနွေးမှုတွေလုပ်ဆောင်မှာ ဖြစ်တယ်လို့ ကာဘီက ပြောပါတယ်။
ရုရှားက စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ အခိုင်အမာပြောနေပေမယ့်လည်း ယူကရိန်းနဲ့ သူ့ရဲ့ မဟာမိတ်တွေက အယုံအကြည်မရှိဖြစ်နေကာ လက်ရှိအချိန်မှာတော့ ပူတင်အနေနဲ့လည်း ရုရှားစစ်တပ်မှာ တိုက်ခိုက်ရေးသမား အရေအတွက် (၁.၅) သန်းအထိ တိုးချဲ့ဖို့အတွက်ကိုလည်း စီစဉ်နေတာဖြစ်ပါတယ်။
Ref; The Telegraph