ရေစကြို – ဒီဇင်ဘာ(၂၃)

မကွေးတိုင်း ရေစကြိုမြို့နယ် အခြေစိုက် Southern YSO PDF အဖွဲ့က ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့တာတွေလုပ်ဆောင်ပေးမယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၉) ရက်နေ့က သဲတောကျေးရွာတိုက်ပွဲမှာ CDM ရဲဖြစ်သူ ရဲဘော်ရဲထွဋ် ကျဆုံးခဲ့ရတာဖြစ်ပြီး သူ့မှာ မိသားစုဝင်(၅) ဦးကျန်ရှိခဲ့တဲ့အတွက် အကူအညီအထောက်အပံ့ပေးဖို့ လုပ်ဆောင်နေတာပါ။

ရဲဘော်ရဲထွဋ်ကျဆုံးခဲ့ရတာဟာ မိသားစုအတွက် အားကိုးရတဲ့ သားတစ်ယောက်ဆုံးရှုံးသွားတာ ဖြစ်သလို တပ်ဖွဲ့အတွက် ယုံကြည်စိတ်ချ အားကိုးရတဲ့ ရဲဘော်ဖြစ်လို့ Southern YSO PDF အတွက် နစ်နာဆုံးရှုံးမှုဖြစ်တယ်လို့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

ရေစကြိုမြို့နယ် သဲတောကျေးရွာကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာသွားပြီးနောက် Southern YSO PDFအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်စဉ် အလစ်တိုက်ခိုက်ခံရလို့ ကျဆုံးသွား ရတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒီတိုက်ပွဲမှာ Southern YSO PDF ရဲဘော်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးပြီး တစ်ဦးလည်ပင်းထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်ရဲထွဋ်နဲ့အတူ M16A1 တစ်လက် KO တစ်လက်၊ ကျည်ဘောက်(၅)ခု၊ ကျည်ဆံအတောင့် (၁၈၀) နဲ့ လက်ပစ်ဗုံး(၁) လုံးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သဲတောတိုက်ပွဲဖြစ်စဉ်ကို ဥပမာယူပြီး စစ်ကောင်စီထောင်ခြောက်မှာ ဆုံးရှုံးခဲ့ရတဲ့အခြေအနေ တွေမှတ်သားကာ တော်လှန်ရေးအတွက် အကောင်းဆုံးဖြစ်အောင်ဆက်လက်လုပ်ဆောင်သွားပြီး ကျဆုံးသွားတဲ့ ရဲဘော်နဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် တရားမျှတမှု ပြန်ယူသွားမှာ ဖြစ် တယ်လို့ Southern YSO PDF တာဝန်ခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ Southern YSO PDF တပ်ဖွဲ့ဝင် (၇) ဦး ဟာ တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရပြီး (၄) ဦးဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။​

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Southern YSO PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.