ရန်ကုန်၊ ဒီဇင်ဘာ(၂၃)
မြန်မာနိုင်ငံအတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကနေ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ အရွှေ့တစ်ခုဖြစ်ပေမယ့် စောင့်ကြည့်ရဦးမယ်လို့ ဝါရင့်နိုင်ငံရေးသမားနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့ကနေ ထောက်ခံမဲ ၁၂ မဲနဲ့ တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ကြားနေမဲအဖြစ်၊ ကန့်ကွက်တဲ့ နိုင်ငံမရှိဘဲ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အတည် ပြုနိုင်ခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ကုလသမဂ္ဂလုံခြုံ ရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအကြိမ် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ နိုင်ငံရေးသ မားတွေနဲ့ လေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။
ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံး ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးသံတမန်တွေနဲ့ လက်တွဲပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေစတင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုဖို့၊ လူနည်းစုအသိုင်းအဝိုင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီလိုလားတောင့် တမှုကိုလေးစားဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီအနေနဲ့ မလိုက်နာရင် ဘယ်လိုမျိုး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်မယ်ဆိုတာ မပါရှိတဲ့အတွက် လတ်တ လောမှာ ဖိအားရှိဦးမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ဒီဆုံးဖြတ်ချက်ကို မလိုက်နာရင် ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတဲ့ ကိစ္စကတော့ လောလောဆယ် ဖိအား၊ တွန်းအား တစ်ရပ်အနေနဲ့ ရှိဦးမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီလိုမလိုက်နာတဲ့အတွက် ဒါက လုံခြုံရေးကောင်စီရဲ့ နောက်ထပ်ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေတော့ ဖြစ်လာနိုင်တယ်ပေါ့။ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့အကြောင်းအရာတွေ မပါသည့်တိုင်အောင် အခုအကြောင်းအရာတွေက တကယ့်ကို ထိရောက်တဲ့ ကိစ္စတွေ ပါနေတယ်ပေါ့။ အာဆီယံရဲ့ ချမှတ်ထားတဲ့ မူ ၅ ချက်ကို အကောင်အ ထည်ဖော်ဖို့ လုံခြုံရေးကောင်စီက တွန်းအားပေးတာလည်း ဖြစ်တယ်။ ဒါကြောင့် ဒီအချက်တွေကို လုပ်နိုင်မယ်ဆိုရင် မြန်မာ့အရွေ့က ရှေ့တစ်လှမ်းရွေ့မှာပေါ့။ ဒီအကျပ်အတည်းက ထွက်ပေါက်တစ်ခု ရနိုင်တာပေါ့”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လောလောဆယ်မှာ တိုက်တွန်းချက်တွေကို လိုက်နာမှာမဟုတ်တဲ့အတွက် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုမျိုးအခြေအနေထိ ဆုံးဖြတ်ချက်တွေ ဆက်လက်လုပ်ဆောင်လာနိုင်ဦးမယ်ဆိုတာ စောင့်ကြည့်ရမယ့် သဘောဖြစ်တယ်လို့ ဦးဖေသန်းက ထပ်ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ စစ်ရာဇဝတ်မှုတွေကို အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ ကျုးလွန်နေတဲ့ စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချတာတွေ ရပ်တန့်ဖို့နဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပိတ်ဆို့ဟန့်တားဖို့ ဆိုတဲ့အချက်တွေ မပါဝင်လာခဲ့ပါဘူး။
ဒါပေမယ့် ဆုံးဖြတ်ချက်ကို ဗီတိုအာဏာနဲ့ ဆန့်ကျင်မှုမပြုခဲ့တဲ့ တရုတ်နဲ့ရုရှားတို့ဟာ စစ်ကောင်စီနဲ့ ဆက် ဆံရေးလျော့သွားရင် လုံခြုံရေးကောင်စီအနေနဲ့ နောက်ဆက်တွဲ အရေးယူမှုတွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ဖို့လိုလိမ့်မယ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
“တရုတ်၊ ရုရှားက ဗီတိုအာဏာနဲ့ ဆန့်ကျင်မှုမပြုဘူးဆိုတဲ့ သဘောက ဒီစစ်တပ်နဲ့သူတို့နဲ့ ကြားထဲမှာ ဆက်ဆံမှုတစ်ခုခုရှိနေပြီ၊ သူတို့အနေနဲ့ ဆင်ခြင်စဉ်းစားနေတဲ့အရာ စစ်တပ်ကို ဆက်ထောက်ခံဖို့ သင့်မသင့်ဆိုတဲ့ဟာကို ဆင်ခြင်စရာအကြောင်းအရာတွေ ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်မျိုးသက်ရောက်တယ်။ ဒါမျိုးက ဖြစ်ခဲ့လေ့ရှိတယ်။ အဲဒီလိုမျိုးရှိနေတဲ့အတွက်ကြောင့်မို့ ရေရှည်မှာ တကယ်လို့ စစ်တပ်နဲ့ ရုရှားဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ် ဆက်ဆံရေးပိုပြီး ကျဲသွားမယ်။ ဒါမှမဟုတ် သူတို့ကို ထောက်ခံမှုလျော့သွားမယ်ဆိုရင် လုံခြုံရေးကောင်စီက ချထားတဲ့ဆုံးဖြတ်ချက်နဲ့ နောက်ဆက်တွဲအရေးယူမှုတွေ ဖြစ်လာနိုင်မလားဆိုတဲ့ဟာ စောင့်ကြည့်ဖို့လိုလိမ့်မယ်”လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကနေ နိုင်ငံတကာက ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမယ့်လုပ်ငန်းတွေအတွက် ခွန်အားသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေတယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေ ရေးသားထားပါတယ်။
ဒါ့အပြင် အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်သလို မြန်မာ့အရေးဟာ ကမ္ဘာမှာမအေးသေးဘူးဆိုပြီး မြန်မာပြည်သူတွေကို အားပေးလိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အကြပ်အတည်းကို ဖြေရှင်းဖို့နဲ့ စစ်အာဏာရှင်တွေ အရပ်သားပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်မှုနဲ့ အကြမ်းဖက်မှုတွေ တိုးမြှင့်ဆောင်ရွက်လာတာကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်