မော်လမြိုင်၊ ဒီဇင်ဘာ(၂၃)
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီလို့ လူသိများနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မွန်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲအတွက် ပါတီဝင်စိစစ်တာအပြင် ကြိုတင်ပြင်ဆင်မှုတချို့ စတင်ဆောင်ရွက်နေပြီလို့ ပါတီဘက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ ရက်(၉၀) စီမံချက်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုသွားမယ့် အချိုးကျကိုယ်စားပြုစနစ် PR စနစ်အကြောင်း လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ပါတီဝင်အမည်စာရင်း စိစစ်တာ၊ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်သွာမယ့် လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက အခုလိုပဲပြောပါတယ်။
“ပါတီကတော့ သူတို့ ထုံးစံအတိုင်းပေါ့။ အဲဒီမှာ ရွေးကောက်ပွဲအတွက် သူတို့ပါတီဝင်တွေပေါ့။ ပြန်စိ စစ်၊ ပြန်စိစစ်ပြီးတော့ စည်းရုံး။ အဲဒီလိုတော့ လုပ်နေတာပေါ့။ အခုကတော့ သူ့ရပ်ကျေးအလိုက် သူ့ဟာသူ ပါတီဝင်တွေပဲ ပြန်စီစစ်ပေးနေတာပေါ့၊ အဲဒီအဆင့်ပဲ ရှိပါသေးတယ်”လို့ ဆိုပါတယ်။
ဒါပေမယ့် ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ ရက် (၉၀) စီမံချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ဆောင်နေပေမယ့် လက်ရှိနိုင်ငံရေး အခြေအနေကြောင့် မြေပြင်မှာထင်သလောက် မဆောင်ရွက်နိုင်သေးဘူးလို့ မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီ အတွင်း ရေးမှူး ဦးသက်ထွေးက ဆိုပါတယ်။
“အဲဒါကတော့ အခုမှကျွန်တော်တို့ ကြိုတင်ပြင်ဆင်တုန်းပဲ ရှိသေးပါတယ်။ မြေပြင်အခြေအနေက သိပ်ကောင်းတာ မဟုတ်တော့လေ။ ဘာမှလည်း ထွေထွေထူးထူးလုပ်နိုင်တာ မရှိသေးပါဘူး။ ဒီတစ်ခေါက် ကျွန်တော်တို့ ပါတီဝင်စိစစ်တဲ့ အနေအထားလောက်ပဲ ရှိသေးပါတယ်။ လက်ရှိ ကွန်ပြူတာထဲမှာ ထည့်ထားတဲ့ ဆာဗာထဲမှာရှိတဲ့ ပါတီဝင် (၁)သိန်း(၉)သောင်းကိုပဲ ကျွန်တော်တို့က အချက်အလက်တွေ ပြန်ထုတ်ပြီးတော့မှ သက်ဆိုင်ရာ အောက်ကဥက္ကဋ္ဌတွေနဲ့ ရပ်ကျေးဥက္ကဋ္ဌတွေနဲ့ ညှိပြီးတော့မှ ဒီအပေါ်မှာ သေဆုံးသွားတာတွေ ဘယ်လောက်ရှိလဲ။ ပြောင်းရွှေ့သွားတာတွေ ဘယ်လောက်ရှိလဲ။ အဲဒါတွေပဲ စိစစ် နေတာပါ။ မြေပြင်အခြေအနေက ကျွန်တော်တို့ ရှင်းပြစရာမလိုပါဘူး။ ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဘယ်လိုပဲပြောပြော ပစ်ခတ်မှုတွေရှိနေတဲ့ အနေအထားတစ်ခုမှာကတော့ ချင့်ချိန်ပြီးတော့ပဲလုပ်နေရတာပေါ့”လို့ ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာ ၄၅ နေရာစလုံးမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှအနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်စစ်ကောင်စီမှာ ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသလို ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တချို့ကလည်း သက်ဆိုင်ရာမြို့နယ်နဲ့ခရိုင်ကောင်စီတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်