တနင်္သာရီ၊ ဒီဇင်ဘာ(၂၃)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့အခြေစိုက် စစ်ကောင်စီခလရ(၅၆၁)တပ်နဲ့ ဗောဓိကမ်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင် စီတပ်က တိုက်ပွဲမရှိဘဲ ညောင်ပင်ကွင်းနဲ့ ဘန်လောကျေးရွာတွေဘက်ကို လက်နက်ကြီးအချက် ၃၀ ထက်မနည်း အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ညောင်ပင်ကွင်းကျေးရွာက အရပ်သားပြည်သူ ၄ ဦး၊ ဘန်လောကျေးရွာက အရပ်သားပြည်သူ ၂ ဦး ၊ စုစုပေါင်း အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူတွေကို ဒေသခံတွေက နီးစပ်ရာဆေးရုံတွေနဲ့ ဆေးခန်းတွေကို ပို့ ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းနဲ့ ဘန်လောကျေးရွာက ဒေသခံ ၃၀၀ ကျော်ဟာ ဘေးလွတ်ရာတောတောင်တွေနဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးခဲ့ရသလို စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ပြီး ဒေသခံ ၃ ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.