ညောင်လေးပင်၊ ဒီဇင်ဘာ(၂၂)

ဆောင်းရာသီအအေးဒဏ်ကြောင့် KNU အုပ်ချုပ်နယ်မြေထဲက တောတောင်ထဲမှာ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့ စောင်အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားမှု နဲ့ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၄ သိန်း နီးပါးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဆောင်းရာသီအအေးဒဏ်ကြောင့် အခက်အခဲမျိုးစုံ ရင် ဆိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်လျက်ရှိနေတာပါ။

ရာသီဥတုအအေးဒဏ်ကြောင့် တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် စောင်အနွေးထည်လိုအပ်ချက်အပြင် ကျန်းမာရေးပိုင်းဆိုင်ရာ ပြဿနာတွေလည်း ရင်ဆိုင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။

“လက်ရှိဆောင်းရာသီကာလက စစ်ဘေးရှောင်တွေအတွက် အထူးကိုအခက်အခဲ ဖြစ်စေတာပေါ့လေ။ အထူး သဖြင့်တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေဆိုတော့ အနွေးထည်တွေ၊ စောင်တွေမရှိ ကြဘူးလေ။ အခုကလည်း တအားချမ်းတာဆိုတော့ သူတို့အတွက် အခက်ခဲအများကြီးဖြစ်တယ်။ ကျန်းမာရေး ပိုင်းဆိုင်ရာမှာလည်း သူတို့အတွက် ဆိုးကျိုးသက်ရောက်စေတယ်လေ။ အခုကလည်းစစ်ပွဲတွေ ဆက်တိုက်ဖြစ် နေတော့ သူတို့ဆီကိုလည်း အနွေးထည်တို့၊ စောင်တို့က အချိန်နဲ့တပြေးညီပို့ဆောင်ဖို့ရာမှာလည်း အခက်အခဲ အများကြီးဖြစ်နေတာပေါ့” လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကြောင့် KNU သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ(၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)၊ ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံဦးရေ (၄)သိန်းနီးပါးရှိနေပြီး လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်ကြသေးပါဘူး။

ဒါ့အပြင် လတ်တလောမှာလည်း သထုံခရိုင် တပ်မဟာ(၁)၊ ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရေအတွက်ထပ်တိုးလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.