မော်လမြိုင်၊ ဒီဇင်ဘာ (၂၂)

စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက ၂၀၂၁ခုနှစ် မတ်လကနေ ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ စစ်ရှောင်စခန်းနဲ့ ဒုက္ခသည်စခန်း ၁၇၀အထိ ပိတ်သိမ်းနိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၀ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်ခုထုတ်ခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ၂၀၂၁ခုနှစ် မတ်လမှ ၂၀၂၂ခုနှစ် အောက်တိုဘာလကုန်အထိ ကာလအတွင်း အိမ်ထောင်စု ၁၆၇၇၃စု၊ လူဦးရေ ၇၂၇၇၁ဦးတို့ကို မူလနေရာတွေကို ပို့ဆောင်နေရာချထားပေးခဲ့ပြီးအမျိုးသားအဆင့်ကော်မတီအနေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးလုပ်ငန်းစဉ်များနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့လည်း ပြောကြားထားတာပါ။

စစ်ကောင်စီက အခုလိုပြောကြားလိုက်တာဟာ အမှန်တရားမဟုတ်ဘဲ ပြည်သူတွေကိုသတင်းအမှားတွေ ဖြန့်ဝေတာသာဖြစ်နိုင်ပြီး စစ်ရှောင်စခန်းတွေကို အတင်းအဓမ္မပိတ်သိမ်းဖို့ လုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။

“စစ်ရှောင်စခန်းတွေကို တကယ်ပိတ်သိမ်းတာလို့ ကျွန်တော်ကတော့ မထင်ဘူး။ စစ်ရှောင်စခန်းတွေ အကုန်လုံးကို လက်နက်ကြီးနဲ့ပစ်ပြီးတော့ ပိတ်သိမ်းလိုက်တယ်လို့ပဲမြင်တယ်။ ဘာလို့ဆို နယ်စပ်တကြောမှာလည်း လက်နက်ကြီးကျလို့သေတာတွေက ခဏခဏဖြစ်တယ်။ မနှစ်က ဥပမာပြောရရင် ဖလူးလေးဘက်နဲ့ လေးကေ့ကော်မှာ တိုက်ပွဲဖြစ်တယ်။ လူတွေစစ်ရှောင်ရတယ်။ အဲဒီမှာ စစ်ကောင်စီက ထိုင်းစစ်တပ်နဲ့ညှိပြီး စစ်ရှောင်စခန်းတွေကလူတွေကို ပြန်ကြဖို့လော်စပီကာနဲ့လိုက်အော်တယ်။ တကယ်ပြန်ကြတဲ့လူတွေ သေကုန်ကြတာ ကျွန်တော်တို့မျက်မြင်ပဲ” လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေဟာ ၁ဒသ မ၄ သန်းကျော်အထိရှိလာပြီဖြစ်တယ်လို့ UNOCHA Myanmar က မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.