ကော့ကရိတ်၊ ဒီဇင်ဘာ (၂၂)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၆)ရက်နေ့ကစပြီး ကော့ကရိတ်တောင်ပိုင်း လှိုင်ဝကျေးရွာက စစ်ကောင်စီရဲ့ ခမရ(၂၃၁) စခန်းနဲ့ ကော့ကရိတ်-ကျုံဒိုး ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာကနေ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက် လက်လုပ်ဆောင်နေတာကြောင့် နေအိမ် အများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံတွေလည်း ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၈)ရက်နေ့ မနက်အစောပိုင်းက ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ရန်ကုတ်ကျေးရွာနဲ့ ကော့ကရိတ်တောင်ပိုင်း ကော့နွဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလို လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် ရန်ကုတ်ကျေးရွာက နေအိမ်တချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။

အဲ့ဒီနေ့ မွန်းတည့်အချိန်မှာလည်း ကော့ကရိတ်မြို့နယ် ဖားကျကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက် ကြီး ပစ်ခတ်ခဲ့ရာ နေအိမ်(၄)လုံးပျက်စီးသွားခဲ့ပြီး ကျေးရွာအတွင်းပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဖားကျ ကျေးရွာက ဒေသခံပြည်သူတွေဟာ ထိတ်လန့်ကြောက်ရွံ့ပြီး ကျေးရွာထဲမှာနေထိုင်ဖို့ အဆင်မပြေတော့ဘူးလို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ(၁၉)ရက်နေ့က ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် KNLA PDF ပူးပေါင်းအဖွဲ့ဘက်ကလည်း ရဲဘော်(၃)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ကော့နွဲ့ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ကော့နွဲ့ကျေးရွာက အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၉၈)နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွေမှာ အခုရက်ပိုင်းတွေထဲ စစ် ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်လာနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.