ဒီမော့ဆို – ဒီဇင်ဘာ(၂၂)

စစ်ကောင်စီရဲ့ နေ့စဉ်လိုလိုထိုးစစ်ဆင်ခံနေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေအတွက် နိုင်ငံတကာရဲ့ အကူအညီတွေမရရှိဘူးဆိုရင် စားနပ်ရိက္ခာလုံးဝပြတ်သွားတော့မယ့် အခြေအနေ နဲ့ရင်ဆိုင်နေရတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က သံလွင်တိုင်းမ် ကိုပြောပါတယ်။

UNHCR က လွိုင်ကော်မြို့ပေါ်မှာ စစ်ရှောင်တွေအတွက် ရည်ရွယ်ပြီး စားနပ်ရိက္ခာ တွေ ဝေးပေးနေပေမယ့် စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ဟန့်တားမှုတွေကြောင့် လိုအပ်နေတဲ့ ပြည်သူတွေ ဆီ မရောက်ရှိဘူးလို့ စစ်ရှောင်အရေးကူညီသူတွေက ပြောကြပါတယ်။

အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကယားပြည်နယ်က စစ်ရှောင်တွေဟာ နိုင်ငံတကာအကူအညီ တွေမရရှိတဲ့အတွက် လာမယ် ၂၀၂၃ ခုနှစ်ထဲမှာ ရိက္ခာပြတ်လပ်သွားနိုင်တယ်လို့ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC လူ့အခွင့်အရေးကော်မတီ တာဝန်ရှိသူ ဦးဗညားက သံလွင်တိုင်းမ် ကိုပြောပါတယ်။

” ဒီနောက်ပိုင်းစားနပ်ရိက္ခာက နိုင်ငံတကာကနေ ကူညီပေးမှုမရှိဘူးဆိုရင်တော့ တော်တော် လေးခက်ခဲနိုင်တယ်။ဘယ်ဖြစ်လို့လဲဆိုတော့ ဒီနှစ်ထဲမှာ ကျွန်တေယ်တို့ စိုက်စပါးဧက က ကျသွားတယ်။ကျွန်တော်တို့ဒီအနီးနားမှာတောင်မှ စိုက်စပါးက ထက်ဝက်နီးပါးကျသွားတယ်။ကျွန်တော်တို့က တစ်ပြည်နယ်လုံးရဲ့ ၂၅ရာခိုင်နှုန်းလောက်ပဲစိုက်ပျိုးနိုင် တော့တာ လေနော်။ကျွန်တော်တို့ကိုနိုင်ငံတကာကစားနပ်ရိက္ခထောက်ပံ့မှုမရှိဘူးဆိုရင် နောက်နှစ် အလယ် လောက်မှာ စားနပ်ရိက္ခာကြပ်တည်းမယ်။” လို့ ဦးဗညားက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်သူတွေရဲ့ လယ်ကွင်းတွေထဲမှာ မြေမြှုပ်မိုင်းတွေထောင်ထားတဲ့ အတွက် စိုက်ပျိုးရိတ်သိမ်းလို့ မရတာကြောင့် စစ်ဘေးရှောင်တွေဟာ ရိက္ခာပြတ်လပ်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ပြည်တွင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ဆက်လက်ရပ်တည်နေရတာ ဖြစ် တယ်လို့ သူက ပြောပါသေးတယ်။

စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ နှစ်က ရိတ်သိမ်းထားတဲ့ ဆန်တွေကို မှီခိုစားသောက် နေရတာဖြစ်ပြီး လက်ရှိအချိန်မှာ စားနပ်ရိက္ခာပြတ်လပ်မှု၊ ရေပြတ်လပ်မှု၊ ဆေးဝါး မလုံလောက်မှု၊ အဝတ်အစား နဲ့ နေရာထိုင်ခင်း လုံလုံလောက်လောက်မရှိတာတွေ အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ် မှုတွေကို နေ့စဉ်ကြုံတွေ့နေရတာဖြစ်ပါတယ်။

ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နေ့စဉ်လိုလိုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ အရပ်သား (၂) သိန်းကျော်ဟာ နိုင်ငံတကာရဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်က ဆယ်ရက်ကြာ ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သိန်း ကိုးသောင်းကျော်နေထိုင်တဲ့ ကယားပြည်နယ်မှာ ပြည်သူ နှစ်သိန်းတစ်သောင်း ကျော်ဟာ စစ်ရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.