ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၂၀၂၁ခုနှစ် ဒီဇင်ဘာ၅ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဆန္ဒထုတ်ဖော်ပွဲသတင်းယူနေရင်း စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို အင်းစိန်ထောင်တွင်းတရားရုံးက ဒီနေ့မှာနိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ စွပ်စွဲပြီး ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။

“ကိုကောင်းအဖေ ကျွန်တော့်ဆီဖုန်းဆက်တာဗျ။ အဲဒီနေ့ကအတူ အဖမ်းခံရသူတွေအကုန်လုံးကို ၅၀၅ (က) နဲ့ချလိုက်တာဗျ။ မမှူးကိုတော့ နောက်ဆက်တွဲအမှုတွေ ဆက်ပြီးအမိန့်ချဖို့ကျန် သေးတယ်လို့သိရတယ်ဗျ” လို့ ရန်ကုန်အခြေစိုက်သတင်းသမားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ ဟာ Myanmar Press Photo Agency (MPA) သတင်းဌာနမှ သတင်းထောက်တွေဖြစ်ကြပါတယ်။

ကိုကောင်းဆက်လင်းဟာ ဖမ်းဆီးခံရချိန်မှာ စစ်ကားနဲ့ဝင်တိုက်ခံလိုက်ရလို့ ခါးရိုးကျိုးပြီးမျက်လုံးနဲ့ ဦး ခေါင်းတို့မှာပါ ဒဏ်ရာရရှိခဲ့တာပါ။

မမှူးရတနာခက်မို့မို့ထွန်းကတော့ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းခန့် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ အခြေနေတွေ့ကြုံခဲ့ရပါတယ်။

သူမကိုစစ်ကောင်စီက ပုဒ်မ-၅၀၅(က)အပြင် ပုဒ်မ ၅၀၅(ည)နဲ့ပါ တရားစွဲဆိုထားတာဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးပြီးတရားစွဲဆိုခံထားရတဲ့ သတင်းထောက်တွေကို ဒီနှစ်မကုန်မီအပြီးသတ်အမိန့်ချသွားဖွယ်ရှိနေတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေရဲ့ မိသားစုဝင်တွေကတော့ အခုလိုအပြီးသတ်အမိန့်ချလိုက်ရင် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ ပါဝင်မျှော်လင့်လို့ ရနိုင်တယ်လို့ဆိုကြပါတယ်။

စစ်အာဏာမသိမ်းခင် မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်ဟာ (၁၃၉) မှာရှိခဲ့ပြီး စစ်အာဏာသိမ်း ပြီးနောက် လက်ရှိအချိန်မှာတော့ အဆင့် (၁၇၆) အထိ ကျဆင်းသွားတယ်လို့ နယ်စည်းမခြား သတင်း ထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်ဆီးခံထားရတဲ့ သတင်းမီဒီယာသမား (၁၅၀)ဝန်းကျင်ရှိပြီး ပြန်လည်လွတ် မြောက်လာသူ (၉၄) ဦးရှိကာ လေးဦးသတ်ဖြတ်ခံရထားရပါတယ်။

ဖမ်းဆီးခံထားရချိန်သေဆုံးရသူက သုံးဦး အထိရှိနေပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသူ (၉၄) ဦးရှိပြီး ဖမ်းဝရမ်းထုတ်ခံရတာကြောင့် တိမ်းရှောင်နေရတဲ့ သတင်းသမား (၃၀)ဝန်းကျင်အထိ ရှိနေပြီလို့ စစ်တမ်းတွေအရသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.