ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့ကို ရုရှားနိုင်ငံသားတွေနဲ့ နယ်နိမိတ်တွေကို စောင့်ကြည့်ဖို့ ပူတင်အမိန့် ပေး

မော်စကို – ဒီဇင်ဘာ(၂၁) 

နိုင်ငံရပ်ခြားနဲ့ ပြည်တွင်းက သစ္စာဖောက်သူလျှိုတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့အတွက် ရုရှားလူ့ အဖွဲ့ အစည်းနဲ့ နိုင်ငံရဲ့ နယ်နိမိတ်တွေကို စောင့်ကြည့်ဖို့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေကို သမ္မတ ဗလာဒီမာပူတင်က အမိန့်ပေးခဲ့ပါတယ်။ 

သမ္မတ ပူတင်က လုံခြုံရေးတပ်ဖွဲ့များနေ့ မတိုင်ခင် မိန့်ခွန်းမှာ ခြိမ်းခြောက်မှုအသစ်တွေ ပေါ် ပေါက်လာတာကြောင့် ပိုမိုထိရောက်တဲ့ စုံစမ်းထောက်လှမ်းတဲ့ အလုပ်တွေပြုလုပ်ဖို့ လိုအပ် တယ်လို့ ဆိုခဲ့တာပါ။ 

“နယ်စပ်ကို ဖောက်ဖျက်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ထိထိရောက်ရောက် ဖြိုခွဲပစ်ရမယ်၊ ရွေ့လျား လှုပ်ရှားမှု ယူနစ်တွေနဲ့ အထူးတပ်ဖွဲ့တွေ အပါအဝင် ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာနှင့် ဝန်ထမ်းများ အလားအလာ” ကို အမြင့်ဆုံးအသုံးချဖို့ FSB ကို ပူတင်က ညွှန်ကြားခဲ့ပါတယ်။ 

ဒါ့အပြင် နယ်စပ်ရေးရာတပ်ဖွဲ့နဲ့ ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့(FSB) တို့အနေနဲ့ အလုပ်ကို ပိုပြီး ပြင်းပြင်းထန်ထန်လုပ်ဖို့လည်း သူက ပြောခဲ့ပါသေးတယ်။ 

ဆိုဗီယက်ခေတ် KGB ရဲ့ အဓိကဆက်ခံသူဖြစ်တဲ့ FSB ဟာ ရုရှားမှာ စောင့်ကြည့်တာနဲ့ ဆင်ဆာ ဖြတ်တာတွေကို ယန္တရားတစ်ခုအဖြစ် လုပ်ကိုင်နေသလို ယူကရိန်းကို ကျူးကျော်မှုမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ အများအပြားပါဝင်နေတယ်လို့ သိရပါတယ်။ 

 “ပြည်ပမှအထူးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့၊ သစ္စာဖောက်တွေ၊ သူလျှိုတွေနဲ့ အဖျက်သမားတွေကို အမြန်ဖော်ထုတ်ဖို့ လိုအပ်တယ်၊ တန်ပြန်ထောက်လှမ်းရေး အေဂျင်စီများထံမှ တိကျမှုရှိတဲ့ တပ်ဖွဲ့ဝင်များကို အများဆုံးလိုအပ်နေပြီ” လို့ သမ္မတ ပူတင်က ပြောခဲ့ပါတယ်။ 

ပူတင်ရဲ့ မိတ်ဆွေ အလက်ဇန်းဒါး ဘော့နီကော့ဗ် ဦးဆောင်တဲ့ FSB ဟာ လူစုလူဝေးနေရာတွေ၊ မဟာဗျူဟာမြောက် အဆောက်အအုံတွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ကြီးကြပ်ကွပ်ကဲမှုတွေ တိုးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ရုရှားမှာ စစ်ပွဲစတင်ချိန်ကစပြီး ဆန္ဒပြမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ချေမှုန်းနေကြပြီး ပူတင်ရဲ့ လူပေါင်း(၃) သိန်းကို စစ်သားသစ်စုဆောင်းရေးနဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့ ဆန္ဒပြပွဲ တွေမှာ လူ(၁၃၀၀) ကျော်ဖမ်းဆီးခံထားရပါတယ်။ 

ယူကရိန်းကို ကျူးကျော်စစ်နဲ့ ပတ်သက်ပြီး အခက်အခဲတွေကို ဝန်ခံထားတဲ့ ပူတင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သိမ်းယူခဲ့တဲ့ ယူကရိန်းနယ်မြေတွေရဲ့ အခြေအနေတွေဟာ အလွန်ခက်ခဲတဲ့ အတွက် အဲဒီနေရာမှာ နေထိုင်သူတွေရဲ့ လုံခြုံရေးသေချာစေဖို့အတွက် FSB ကို အမိန့်ပေးထားပါတယ်။ 

“သူတို့ရဲ့လုံခြုံရေးကို အမြင့်ဆုံးအထိ ရှိစေဖို့နဲ့ သူတို့ရဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ လိုအပ်သမျှအရာအားလုံးကို လုပ်ဆောင်ဖို့က သင်တို့ရဲ့တာဝန်ပဲ” လို့ ပူတင်က ပြောခဲ့ပြီး တပ်ဖွဲ့ဝင်တွေအတွက် ခေတ်မီကိရိယာတွေနဲ့ လက်နက်တွေ ပိုမိုတပ်ဆင် ပေးမယ်လို့ ကတိပေးခဲ့ပါသေးတယ်။ 

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်က ဆယ်လ အထိရှိနေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အကြီးဆုံး ပဋိပက္ခအဖြစ် လူပေါင်းသောင်းနဲ့ချီ သေဆုံခဲ့သလို သန်းပေါင်းများစွာဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ရပြီး မြို့တွေဟာ အပျက်အစီးတွေနဲ့ ကျန်ခဲ့တယ်လို့ သိရပါ တယ်။  

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.