မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတဝိုက်ကPDFများရဲ့ လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မြန်မာ့အလင်းသတင်းစာနဲ့ စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Han Nyein Ooအကောင့်ကနေ ဒီဇင်ဘာလ (၁၈ )ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “NUG CRPHတို့နဲ့ ဆက် သွယ်ပြီး ပလောင်ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် လက်နက်ခဲယမ်းတွေကို သယ်ဆောင်နေတဲ့ PDFတွေက နမ့်ဆန်မြို့နယ် ကုန်းသာရွာတဝိုက် ခိုအောင်းနေတဲ့အတွက် တပ်မတော်က လေကြောင်းနဲ့စစ်ဆင်ခဲ့ကြောင်းPDFများရဲ့ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ မြန်မာ့အလင်းစာက ဓာတ်ပုံတွေနဲ့တကွ ရေးသားခဲ့ပါတယ်။

ဝါဒဖြန့် သတင်းအမှား ဖြန့်ဝေနေတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/HNO777999/2656?single

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာမဟုတ်ပဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကိုသာ TNLA က သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်ပြီး စကစလက် အောက်ခံ မြန်မာ့အလင်းသတင်းစာက သတင်းအမှားတွေကို ဖြန့်ဝေနေခြင်းသာ ဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာမှာ ဖြစ်ပွားခဲ့တဲ့စစ်ကောင်စီနဲ့TNLAတို့အကြား တိုက်ပွဲနဲ့ပတ်သက်ပြီး တအာင်းတပ်မတော် (TNLA)က ဒီဇင်ဘာလ (၁၈) ရက်မှာ သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ရှမ်းမြောက်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့အနီးမှာ တအာင်း ပလောင်တပ် PSLF/TNLA နဲ့ စစ်တပ်တို့အကြား နမ့်ဆန်မြို့အနီးမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက နှစ်ဖက်ထိတွေ့တိုက် ပွဲတွေ ဖြစ်နေတာ BBCသတင်းဌာနမှာလည်း ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၂ ရက်အထိ ၆ ရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့သည့် ကုန်းသာ၊ ဟူးမန်း၊ ပန်အလော့နှင့် ပိန်းလုံရွာများကို TNLA တပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဖြေကြားထားတာကို The Irrawaddy -Burmese Edition သတင်းဌာနက ရေးသားထားတာကို စိစစ်တွေ့ရှိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှု တွေကြောင့် ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာက လူနေအိမ်အများ အပြားလက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ရက် နေ့က သတင်းထုတ်ပြန်ထားပါတယ်။

The Irrawaddy -Burmese Edition သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3jjOSQZ

BBCသတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3G82EPp

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတဝိုက်ကPDFများရဲ့ လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.