ဒီပဲယင်း၊ ဒီဇင်ဘာ (၂၁)

ပြီးခဲ့တဲ့ စက်တင်ဘာလက လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အပါအဝင် ဒီပဲယင်းဒေသမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေကြောင့် စစ်မြေပြင်သဖွယ်ဖြစ်နေပြီး ရွာခံတွေမှာလည်း မူရင်းအလုပ်တွေမလုပ်နိုင်တော့ပဲ ဘဝရပ်တည်ရေးခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းနယ်တစ်ဝိုက်ဟာ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါစိုက်ပျိုးတဲ့ တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ် ကိုင်နေကြတာဖြစ်ပြီး စိုက်ပျိုးချိန်တွေမှာ စစ်ကြောင်းထိုးလာတဲ့အခါ လုပ်ငန်းတွေကိုထားခဲ့ပြီး ထွက် ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သီးနှံအောင်မြင်ဖြစ်ထွန်းခြင်း မရှိတော့တာ၊ ရိတ်သိမ်းချိန်တန်တဲ့ တောင်ယာသီးနှံတွေကို အချိန်မီမရိတ်သိမ်းနိုင်တော့လို့ ပျက်စီးကုန်တာစတဲ့ပြဿနာတွေကို ကြုံတွေ့နေရတာပါ။

“ဒီပဲယင်းမှာက အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးတဲ့အတွက် အမြဲတိမ်းရှောင်ထွက်ပြေးနေရလို့ စားဝတ်နေရေး အရမ်းကိုခက်ခဲနေတယ်။ ဘာလို့ဆို သူတို့ကိုယ်ပိုင်လုပ်ငန်းတွေကို ကောင်းကောင်းမလုပ်နိုင်တော့လို့ စားဝတ်နေရေး ကြပ်တည်းလာတာ။ ကုန်ဈေးနှုန်းကလည်း မြင့်လာတော့ ဖြစ်သလိုကြုံသလို ရပ်တည်လာနေရတယ်။ ဆောင်းတွင်းမှာ တောင်ပြေးပြေးလွှားလွှားနဲ့ နေထိုင်ရပ်တည်နေရတာ။ ဒီပဲယင်းမြို့နယ်က စစ်မြေပြင်ကြီးတစ်ခုလို ဖြစ်နေတယ်” လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုကြီးဖြိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ပွဲတွေဖြစ်ပွားနေချိန်မဟုတ်လည်း စစ်ကောင်စီရဲ့ တစ်ရွာဝင်၊တစ်ရွာထွက်နဲ့ ရွာစဉ်တန်းအလိုက် မီးရှို့တာကို ခံနေရတာကြောင့် ဒီပဲယင်းဒေသဟာ စစ်မြေပြင်တစ်ခုနီးပါး ပြာကျပျက်စီးလာရတာ၊ အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီက အကြောင်းမဲ့သက်သက် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသ ခံတွေမှာ ဆောက်တည်ရာမရ နေ့စဉ်နီးပါးပြေးလွှားရှောင်တိမ်း နေထိုင်ကြရတယ်လို့လည်း သူကဆိုပါတယ်။

အခုလို မတည်ငြိမ်တဲ့ဒေသတွင်း အခြေအနေတွေကြောင့် အခြေခံပညာကျောင်းတွေလည်း ပြန်လည်ဖွင့် လှစ်နိုင်ခြင်းမရှိတာကြောင့် ကလေးငယ်တွေရဲ့ ပညာရေးဟာလည်း အနုတ်သဘောဆောင်လာနေတယ် လို့လည်း သူက ဆက်လက်ပြောပါတယ်။

ဒီပဲယင်းဒေသရဲ့တချို့မြို့နယ်တွေမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကဖော်ဆောင် ပေး တဲ့ အခမဲ့ပညာသင်ကြားရေးကျောင်းတစ်ချို့ ရှိနေပေမယ့် ပြေးလွှားတိမ်းရှောင်နေရလို့ နေရာ အတည်တ ကျထားဖို့ ခက်ခဲတာ၊ ဆရာ၊ ဆရာမတွေကို လစာမပေးနိုင်တာ၊ လက်ယက်ကုန်း ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် ကလေးငယ်တွေကို စာသင်ကျောင်းလွှတ်ဖို့ စိတ်မချတာ၊ သင်ထောက်ကူပစ္စည်းမပြည့်စုံတာ၊ ထောက်ပံ့မှုတွေရဖို့ လမ်းကြောင်းခက်ခဲတာစတဲ့ အခက်အခဲတွေ ရှိနေ တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီပဲယင်းဒေသမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် အိမ်ခြေ သုံးထောင်ကျော် ပျက်စီးခဲ့ရပြီး လက်ယက်ကုန်းကျေးရွာ တစ်ခုတည်းမှာတင် အိမ်ပေါင်း၁၉၉အိမ် ပြာကျပျက်စီးခဲ့ရပြီးဖြစ်လို့ နေစရာအိမ်တွေအခက်အခဲများစွာကြုံနေရတယ်လို့ သိရပါတယ်။

အခုလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း လက်ယက်ကုန်း၊ ညောင်လှစတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၉ ရွာမှ နေအိမ် ၁၇၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီး နေထိုင်စားသောက်ရေး အခက်အခဲများစွာ ကြုံတွေ့နေကြရတာပါ။

ဒါ့အပြင် စစ်ရှောင်တွေအတွက် ဆောင်းတွင်းကာလ အနွေးထည်နဲ့ အိမ်သုံးဆေးဝါးတွေလည်း လိုအပ်လျက်ရှိနေကြပါတယ်။

“ အရင်ကဆို ကျွန်တော်တို့ တစ်လတစ်ခါလောက်ပြေးရတယ်။ အခုဆို ဒီလထဲမှာတောင်နှစ်ခါ သုံးခါပြေးနေရတယ်။ သူတို့ပြန်ပြီဆို ပြန်ဝင်။ သူတို့လာပြီဆို အကုန်လုံးပြေးကြရတယ်။ ရွာလုံးကျွတ်ပေါ့။ ကျွန် တော်တို့ ရွာနီးချုပ်စပ်ပေါ့။ ပတ်ဝန်းကျင်အကုန်လုံး ပြေးကြရတာပေါ့။ ကျွန်တော်တို့နဲ့ နယ်ချင်းဆက်စပ်နေတယ်ဆိုပေမယ့် အဝေးကြီးပြေးရတယ်။ စစ်ရှောင်ဖိုပေါ့။ ကိုယ့်ဒေသမဟုတ်တော့ အစစခက်ခဲတယ်။ မကြာသေးဘူး။ ဒီဇင်ဘာ၁၇ရက်က ရေဦးဘက်ကနေလက်နက်ကြီးနဲ့ လှမ်းထုတာစုစုပေါင်းကိုးလုံးအထိပစ်တယ်။ ခုနစ်လုံးပေါက်ကွဲခဲ့တာဗျ။ အဲဒီမှာ ကိုယ်ဝန်ဆောင်တစ်ဦးခြေထောက်ထိပြီး ဆယ်ကျော်သက်နှစ်ဦး လက်တွေထိမှန်ခဲ့တယ် “ လို့ ဒီပဲယင်းခရိုင်အရှေ့ခြမ်း ညောင်လှကျေးရွာမှာ နေထိုင်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ မူလလုပ်ငန်းဖြစ်တဲ့ တောင်ယာလုပ်ငန်းခွင်ကို ပြန်လည်လုပ်ကိုင်ဖို့လည်း ခက်ခဲနေတာကြောင့် နီးစပ်ရာခိုလှုံနေတဲ့ ရွာတွေကသာ ကျွေးမွေးထားရတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၁၆ရက် လက်ယက်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် NUGရဲ့တိုက်ရိုက်ထောက်ပံ့မှု အနေနဲ့ ငွေကျပ် ၂၈သိန်းနဲ့NUGထံမှ တစ်ဆင့် ပြည်ပရောက်နိုင်ငံသားများကနေ ထောက်ပံ့ညီမှုအနေနဲ့ ဒေါ်လာကိုးထောင့်နှစ်ရာဝန်းကျင် ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုတွေက တစ်နေ့တစ်ခြားပိုမိုများပြားလာနေတာကြောင့် စစ်ရှောင်အရေအတွက်တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာပြီး အကူအညီတွေပိုမို လိုအပ်လျက်ရှိတယ်လို့လည်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.