ပြုံယမ်း၊ ဒီဇင်ဘာ(၂၁)

ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်နေပေမယ့်လည်း ပဲ့ထိန်းဒုံးအစီအစဉ်တွေရပ်တန့်သွားမှာ မဟုတ်ဘူး လို့ မြောက်ကိုရီးယားကပြောကြားခဲ့ပြီး တောင်ကိုရီးယားဟာ သူတို့ရဲ့လက်နက်တွေတိုးတက်လာမှုကို အားလျော့အောင်လုပ်ဆောင်နေတာဆိုပြီး  အပြစ်တင်ဝေဖန်လိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အာဏာကြီးတဲ့ ညီမငယ်ဖြစ်သူ ကင်မ်ရိုဂျွန်ကတော့ လက်ရှိ ထောက်လှမ်းရေးဂြိုဟ်တု တပ်ဆင်ရေးကို ရှေးပြေးလုပ်ဆောင်နေခြင်းဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံရေး လုံခြုံရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဦးစားပေးအစီအစဉ်ဖြစ်တယ်လို့ ပြောဆိုထားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တာပါ။

 “တောင်ကိုရီးယားက ကျွန်မတို့အပေါ် နိုင်ငံတကာမှ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံဆောင်ရွက်နိုင်ဖို့အတွက် အစွမ်းကုန်လုပ်နေတယ်။ အဲဒီအတွက်လည်း နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအချို့ရရှိအောင်  ငိုယိုတောင်းခံနေတယ်” ကင်မ်ရိုဂျွန်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ ရှင်သန်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးတွေကို ခြိမ်း ခြောက်ခံနေရပြီး ထပ်ခါတလဲလဲ မြင်တွေ့ခဲ့ရတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘာကြောင့်ကြောက်နေရမလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားအနေနဲ့ ထောက်လှမ်းရေးဂြိုဟ်တုတပ်ဆင်မှုရဲ့  အရေးကြီးတဲ့စမ်းသပ်ချက်အဖြစ် တာလတ်ပစ် ပဲ့ထိန်းဒုံးနှစ်လုံး စမ်းသပ်မှုအပြီးမှာပဲ သူမရဲ့ မှတ်ချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က တာလတ်နဲ့ တာဝေးပစ် ဒုံးကျည်နှစ်စင်းကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၈ ရက်) က စမ်းသပ်ပစ်လွှတ်ခဲ့ပြီး လက်နက်စနစ်သစ်အတွက် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ပြုံယမ်းက ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့လက မြောက်ကိုရီးယားအနေနဲ့ အဆင့်မြင့်ဆုံး တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်မှုအပါအဝင်  မကြုံစဖူး လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.